သင့်ရဲ့ လုပ်ငန်းမှာ အသိဉာဏ် အရင်းအနှီး (Intellectual Capital) ရှိပြီလား
(၁)
HR နယ်ပယ်မှာ အသိဉာဏ် အရင်းအနှီး သီအိုရီ (The theory of intellectual capital) နဲ့ ပတ်သတ်ပြီး များစွာ ဆက်စပ်ပတ်သတ် အရေးပါကြောင်းကို ၂၀၀၂ ခုနှစ်မှာ HR ဂုရုကြီး တစ်ဦးဖြစ်တဲ့ မိုက်ကယ်လ်အမ်စထရောင်းက ခုလို ပြောကြားခဲ့ပါတယ်။
“The theory of intellectual capital is closely related to much of what strategic Human Resources Management attempts to achieve in terms of building and maintaining the human capital resources required by the firm}
(Michael Armstrong, 2002)

“အသိဉာဏ် အရင်းအနှီး သီအိုရီဟာ မဟာဗျူဟာမြောက် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေက အဖွဲ့အစည်းက လိုအပ်တဲ့ လူသား အရင်းအမြစ်တွေကို ဘယ်လို တည်ဆောက်တယ်၊ ထိန်းသိမ်းပေးတယ် ဆိုတာတွေနဲ့ နီးကပ်စွာ ဆက်စပ် ပတ်သက်နေပါတယ်”
(မိုက်ကယ်လ်အမ်စထရောင်း၊ ၂၀၀၂)
အစောပိုင်း ကာလတွေတုန်းက အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ အရင်းအနှီး (Capital) တွေကို တွက်ချက်ကြတဲ့ နေရာမှာ ငွေကြေး အရင်းအနှီး (Financial Capital)၊ အိမ်၊ ခြံ၊ မြေ၊ တိုက်တာ၊ ကား စတဲ့ ပစ္စည်းတွေ အပေါ်မှာသာ များသောအားဖြင့် အခြေခံ တွက်ချက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်နှစ် ပိုင်းတွေမှာတော့ Apple တို့လို နည်းပညာတွေ၊ တီထွင်ဆန်းသစ်မှု (Innovation) တွေ အပေါ် အခြေခံတဲ့ ကုမ္ပဏီကြီးတွေ ပေါ်ပေါက်လာတဲ့ အခါမှာတော့ အဖွဲ့အစည်းတွေရဲ့ အဓိက အရင်းအနှီး (Main Capital) ဟာ ငွေကြေးတိုက်တာတွေ မဟုတ်တော့ပဲ လူသားများရဲ့ အသိဉာဏ် အရင်းအနှီး (Intellectual Capital) နဲ့ လူ့စွမ်းအား အရင်းအမြစ် (Human Capital) တွေ ဖြစ်လာပါတယ်။ ဥပမာ- လတ်တလော Apple ကုမ္ပဏီက မတ်လ (၁၁) ရက်နေ့ ဆိုရင် သူ့ရဲ့ Tablet Computer သစ် i.pad 2 ကို စတင် ရောင်းချပါတော့မယ်။ သူ့ရဲ့ ပထမဆုံး i-pad ကို ဈေးကွက်အတွင်း စတင် ရောင်းချခဲ့အပြီး တစ်နှစ်အကြာမှာ ခုလို i-pad2 ကို ဈေးကွက်နဲ့ စတင် မိတ်ဆက် ရောင်းချတာပါ။
ဒီတစ်နှစ် အတောအတွင်းမှာလည်း Apple ရဲ့ i-pad ဟာ ကမ္ဘာ့ Tablet Computer ဈေးကွက်ရဲ့ ၉ဝ ရာခိုင်နှုန်းကို လွမ်းမိုး ထားနိုင်ခဲ့ပါတယ်။ တကယ်တော့ Apple ရဲ့ i-pad ထွက်လာလာချင်း Samsung, Acer, Viewsonic, Hewlett-Packard (HD) စတဲ့ ကမ္ဘာ့ ထိပ်တန်း အိုင်တီ ကုမ္ပဏီကြီး အားလုံးလိုလိုဟာ သူတို့ရဲ့ ကိုယ်ပိုင် Tablet Computer တွေ အပြိုင်အဆိုင် ထုတ်လုပ်ပြီး Apple ရဲ့ i-pad ကို အလုံးအရင်း ယှဉ်ပြိုင်ခဲ့ကြတာပါ။ တကယ်တော့ သူတို့တတွေကလည်း ကမ္ဘာ့ ထိပ်တန်း IT ကုမ္ပဏီကြီးတွေ ဖြစ်တဲ့အတွက် ငွေကြေး အရင်းအနှီးတွေ၊ တခြား Physical Resource အပိုင်းတွေမှာ Appleကို မယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ အဲ ဒါပေမဲ့ Apple ရဲ့ အံ့မခန်း ထိတွေ့မှု (Touch Screen) နည်းပညာနဲ့ ပါးလွှာတဲ့ ဒီဇိုင်း နည်းပညာ စတဲ့ အသိဉာဏ် Intellectual Capital ပိုင်းမှာ မယှဉ်ပြိုင်နိုင်ကြတဲ့ အတွက် ယနေ့အချိန်ထိ Tablet ကွန်ပျူတာ လောကမှာ Apple က ၉၀ ရာခိုင်နှုန်း စိုးမိုးထားနိုင်တာ ဖြစ်ပါတယ်။
(၂)
Intellectual Capial ဆိုတာဟာ အဖွဲ့အစည်း၊ ကုမ္ပဏီ အတွင်းမှာ သိုလှောင်ထားတဲ့ လည်ပတ် စီးဆင်းနေတဲ့ အသိဉာဏ်တွေ၊ အတတ်ပညာတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေ၊ Skill တွေ၊ ယှဉ်ပြိုင်နိုင်စွမ်းတွေကို စုပေါင်းထားတဲ့ တန်ဖိုး (Value) တစ်ခုကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့် အဖွဲ့အစည်း တစ်ခုမှာ ထိတွေ့ ကိုင်တွယ်လို့ ရတဲ့ ရင်းမြစ် (tangible resources) တွေ ဖြစ်တဲ့ ငွေကြေး၊ ခြံ၊ မြေ၊ တိုက်တာ ကားတွေ ရှိသလို၊ ထိတွေ့ ကိုင်တွယ်လို့ မရတဲ့ အရင်းမြစ် (intangible resources) ဖြစ်တဲ့ Intellectual Capital တွေလည်း ရှိပါတယ်။ အကြမ်းအားဖြင့် အသိဉာဏ် အရင်းအမြစ်တွေကို အောက်ပါအတိုင်း ၃ မျိုး ခွဲခြားနိုင်ပါတယ်။
(၁) လူသား အရင်းအမြစ် အရင်းအနှီး (Human Capital)
လူသား အရင်းအမြစ် အရင်းအနှီး ဆိုတာကတော့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ အသိဉာဏ်၊ ကျွမ်းကျင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဆိုလိုတာပါ။ အဖွဲ့အစည်း တစ်ခု အနေနဲ့ သူ့ရဲ့ Human Capital ကို လက်ရှိ ဝန်ထမ်းတွေကို သင်တန်းတွေပေး၊ ဖွံ့ဖြိုး တိုးတက်အောင် လုပ် (ဒါမှမဟုတ်) အရည်အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ ဝန်ထမ်း အသစ်တွေကို ခန့်အပ် စတဲ့ နည်းတွေနဲ့ ရှာဖွေ စုဆောင်းနိုင်ပါတယ်။
(၂) လူမှု အရင်းအနှီး (Social Capital)
လူမှု အရင်းအနှီး ဆိုတာကတော့ အဖွဲ့အစည်း အတွင်း (ဒါမှမဟုတ်) အဖွဲ့အစည်း ပြင်ပနဲ့ ထိတွေ့ ဆက်ဆံ ဆောင်ရွက်ကြတဲ့ လူမှုရေး ကွန်ယက် (Social Network) ထဲမှာ ရှိတဲ့ အသိဉာဏ် အရင်းအမြစ်၊ ကျွမ်းကျင်မှုတွေကို ဆိုလိုတာပါ။ Social Capital တွေ များပြား အားကောင်းလာချင်တယ် ဆိုရင်တော့ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေအကြား လူမှုဆက်ဆံရေး (Social Communication) တွေ ကောင်းမွန်လာအောင် ဖန်တီး စီမံ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အဓိက အနေနဲ့ အသိပညာ ကူးလူးဖလှယ်မှု (Transfer of knowledge) အလေ့အထကို မိမိတို့ အဖွဲ့အစည်းထဲမှာ အားကောင်းလာအောင် ဆောင်ရွက်ကြရပါမယ်။
(၃) အဖွဲ့အစည်းဆိုင်ရာ အရင်းအနှီး (Organizational Capital)
Organizational Capital ဆိုတာကတော့ အဖွဲ့အစည်းထဲမှာ သိမ်းဆည်း သိုလှောင်ထားတဲ့ (ဥပမာ- ကွန်ပျူတာ ဒေတာ အစုအဝေး- Computer Database၊ စာရွက်စာတမ်း မှတ်တမ်း Manuals) အသိဉာဏ် ထုထည် ပမာဏကို ဆိုလိုတာပါ။ ဒီဘက်ခေတ် ခေတ်မီ အဖွဲ့အစည်း ကုမ္ပဏီတွေမှာတော့ Organizational Capital တွေကို ပိုမိုပြီး စနစ်တကျ သိမ်းဆည်း သိုလှောင်နိုင်ရေး အတွက် ကွန်ပျူတာ အကူအညီ ရယူထားတဲ့ အသိဉာဏ် စီမံခန့်ခွဲမှု စနစ် (Knowledge Management System) တွေကို သုံးစွဲလာကြပါပြီ။
(၃)
အထက်မှာ ဖော်ပြခဲ့တဲ့ Intellectual Capital သီအိုရီ အားလုံးက အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ လူသား အရင်းအမြစ် အရင်းအနှီး (Human Capital) တွေမှာ အချိန်၊ ငွေကြေး စတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ များစွာ ပြုလုပ်သင့်ကြောင်း တညီတညွတ်တည်း အဆိုပြုကြပါတယ်။ အလားတူပဲ ယနေ့ခေတ် ကမ္ဘာ့ ထိပ်တန်း အောင်မြင်နေကြတဲ့ ကုမ္ပဏီကြီးတွေ ကလည်း သူတို့ရဲ့ Intellectual Capital တွေ အားကောင်းလာအောင် အသိဉာဏ် ကူးလူးဖလှယ်မှု (Knowledge Transfer Process) တွေ ကောင်းမွန်လာအောင် ဘက်စုံ၊ ထောင့်စုံကနေ ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။ ဥပမာ- မန်နေဂျာတွေရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်အောင် ခန့်မှန်း တွက်ချက်ပေးနိုင်တဲ့ Decision Support System တွေ ဖန်တီးလာပါတယ်။ Decision Support System (DSS) ထဲမှာ အရင်က အဖြစ်အပျက် အခြေအနေ (Conditions) တွေနဲ့ အဲဒီ အခြေအနေမှာ အရင်က မန်နေဂျာတွေ ဘယ်လို ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့ Decisions တွေ များစွာကို သိုလှောင် သိမ်းဆည်းပေးထားပါတယ်။
ဒါကြောင့်မို့ မန်နေဂျာ တစ်ယောက်က ဆုံးဖြတ်ချက် တစ်ခုခု ချတော့မယ်ဆိုရင် အရင်က အလားတူ အခြေအနေမှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပြီး ဘယ်လို အောင်မြင်ခဲ့လဲ ဆိုတာကို ကွန်ပျူတာက စနစ်တကျ တိုက်ဆိုင် စစ်ဆေး တွက်ချက်ပေးပြီး ခန့်မှန်းပေးတဲ့ အတွက် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်လာအောင် ပိုမို အကူအညီ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ခေတ်မီ Knowledge Transfer System တစ်ခုကတော့ Expert System ပါ။ Expert System ဆိုတာကတော့ ဥပမာ- ကားဝပ်ရှော့ တစ်ခုမှာ ဆိုရင် ကျွမ်းကျင်ဝန်ထမ်း (Expert Staff) တွေရဲ့ အရင်က ကားပြင်ခဲ့တဲ့ မှတ်တမ်းတွေကို System ထဲမှာ Knowledge Base အနေနဲ့ စုဆောင်း သိမ်းဆည်းပေးထားပြီး မကျွမ်းကျင်သေးတဲ့ ဝန်ထမ်းတွေ ကားပြင်တဲ့ နေရာမှာ အကူအညီပေး အသုံးပြုစေတာ ဖြစ်ပါတယ်။ ဆိုပါစို့။ အဲဒီ Expert System ထဲကို လက်ရှိကားမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာ (Symptoms) (ဥပမာ- အင်ဂျင်က နှိုးလိုက်ရင် ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်နေတယ်) စတာတွေကို ရိုက်ထည့်လိုက်တာနဲ့ ကားရဲ့ ဘယ်နေရာကို ဘယ်လို ပြင်ရမယ် စတဲ့ အချက်အလက် Data တွေ တန်းစီ ထွက်လာမှာ ဖြစ်တဲ့အတွက် မကျွမ်းကျင်သေးတဲ့ ဝန်ထမ်းတွေ ကားပြင်ဆင်တဲ့ နေရာမှာ များစွာ အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Human Resource Management at

Work (Fourth Edition)

By: Mick Marchington and

Adrian Wildinson

လင်းသိုက်ညွန့် (မြန်မာ့မြေ)
By HR Journal Originally posted 18/03/2011 02:55AM
0 comments:
Post a Comment