အလုပ်မှ နုတ်ထွက်ခြင်း ထုတ်ပယ်ခြင်း
ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လုပ်ငန်း အဖွဲ့အစည်းတွေထဲ၊ ကုမ္ပဏီတွေထဲကို ရောက်ရှိလာကြတဲ့ သူတွေ၊ ဝန်ထမ်းတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပဲ အဲဒီလုပ်ငန်း အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေထဲကနေ ပြန်ပြီး ထွက်ခွာ သွားကြပြန်တယ်
လုပ်ငန်းတစ်ခုထဲကို လူတွေ ဝင်ရောက်လာကြတယ်။ ပြီးတော့ တချို့က အဲဒီလုပ်ငန်းကနေ ထွက်ခွာသွားကြတယ်။ တချို့ကတော့ အဲဒီလုပ်ငန်းမှာ ကျန်နေရစ်ခဲ့ကြတယ်။ တချို့ကတော့ မလွှဲသာ မရှောင်သာလို့ လုပ်ငန်းကနေ ထုတ်ပစ်ခဲ့ရတယ်။ အဲ့ဒီ ဖြစ်စဉ်တွေကတော့ လုပ်ငန်းအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ တွေ့ရမြင်ရတဲ့ ဖြစ်စဉ်တွေပါပဲ။ ထူးခြားတဲ့ ဖြစ်စဉ်တွေတော့ မဟုတ်ပါဘူး။ လုပ်ငန်းအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေထဲကို ဝင်ရောက်လာတဲ့ သူတွေမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြပါတယ်။ တချို့ကတော့ အလုပ်လုပ်ချင်လို့ပါ။ တချို့ကတော့ လတ်တလော ကြုံတွေ့ရတဲ့ အခြေအနေကို ဖြေရှင်းချင်လို့ပါ။ တချို့ကတော့ လုပ်ငန်း အတွေ့အကြုံကို ရယူလိုချင်လို့ပါ။ တချို့ကတော့ လုပ်ခ လစာကို လိုချင်လို့ပါ။ တချို့ကတော့ ဘဝရဲ့ ပုံရိပ်တစ်ခုအနေနဲ့ ရာထူးတစ်ခုကို ရယူလိုချင်လို့ပါ။ အဲ့ဒီလို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လုပ်ငန်း အဖွဲ့အစည်းတွေထဲ၊ ကုမ္ပဏီတွေထဲကို ရောက်ရှိလာကြတဲ့ သူတွေ၊ ဝန်ထမ်းတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပဲ အဲဒီလုပ်ငန်း အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေထဲကနေ ပြန်ပြီး ထွက်ခွာ သွားကြပြန်တယ်။ ဒီနေရာမှာ ချွင်းချက် တစ်ခုတော့ ရှိပါတယ်။ လုပ်ငန်း ရပ်နားလိုက်လို့၊ ကုမ္ပဏီကို ဖျက်သိမ်းလိုက်လို့ လုပ်ငန်းကို စွန့်ခွာ သွားရတာမျိုး၊ ကုမ္ပဏီကို စွန့်ခွာ သွားရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဝန်ထမ်းတွေ ပိုလျှံလို့ လူလျှော့ရတာမျိုးတွေလည်း ရှိနိုင်ပြန်တယ်။ စွမ်းရည် မပြည့်မီလို့ ထုတ်ပယ်ပစ်ရတာတွေလည်း ရှိနိုင်ပြန်တယ်။ အကျင့်ဆိုးတွေကြောင့် ထုတ်ပယ်ပစ်ရတာတွေလည်း ရှိနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ ဝန်ထမ်းက အဖွဲ့အစည်းကို စွန့်ခွာတာပဲဖြစ်စေ၊ အဖွဲ့အစည်းကနေ ဝန်ထမ်းကို ထုတ်ပယ်ပစ်ရတာပဲဖြစ်စေ အားလုံးသော ကိစ္စရပ်တွေကို သတိထားပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ တစ်ခါက ကုမ္ပဏီတစ်ခုရဲ့ HR မန်နေဂျာကြီး တစ်ဦးက ကျွန်တော့်ကို ဒီလို ပြောခဲ့ဖူးတယ်။“ကျွန်တော့်ရဲ့ လုပ်ငန်းတွေထဲမှာ အလုပ်ကနေ ထွက်မယ့် ဝန်ထမ်းတွေကို ကယ်တင်ရတဲ့ အလုပ်လည်း ပါတယ်” တဲ့။ ဝန်ထမ်းကို ထုတ်ပယ်တဲ့ ကိစ္စရပ်ကိုတော့ အဓိက တာဝန်ယူပြီး လုပ်ဆောင်ရတာကတော့ အုပ်ချုပ်ရေးဌာန၊ စီမံခန့်ခွဲရေး ဌာနပါပဲ။ ဌာနတစ်ခု၊ ကုမ္ပဏီတစ်ခုမှာ ပိုလျှံတဲ့ ဝန်ထမ်းတွေကို ဖယ်ရှားပစ်ရတဲ့ ပမာဏ ကြီးမားလာရင် ကုမ္ပဏီရဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ စနစ်ဇယားကို ပြန်လည် ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။ စည်းမျဉ်းစည်းကမ်း တစ်ခုအနေနဲ့တော့ အားလုံးအတွက် တရားမျှတမှု ရှိရပါလိမ့်မယ်။ ဝန်ထမ်း တစ်ဦးချင်းစီအတွက် ကိုယ်ရေး မှတ်တမ်းတွေလည်း ရှိသင့်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြထားတဲ့ စာအုပ်ကလေး တစ်ခုကို ဖတ်ရှုခဲ့ဖူးတယ်။ အဲဒီမှာ တချို့သော စည်းကမ်းချက်တွေကို ဖောက်ဖျက်ရင် ပထမဆုံးအကြိမ် နှုတ်နဲ့ သတိပေးခြင်း ပြုလုပ်ပါတယ်။ ဒုတိယအကြိမ် စာနဲ့ သတိပေးပါတယ်။ တတိယအကြိမ် အလုပ်ကနေ ထုတ်ပယ်ခြင်း ပြုလုပ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့အကြီးအကဲက ပြစ်ဒဏ်ပေးခြင်းဟာ မူလ ကနဦး ရည်ရွယ်ချက် မဟုတ်ဘဲ လုပ်ငန်း တိုးတက်မှုကသာ အဓိက ရည်ရွယ်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်း ချောမွေ့စေချင်တယ်ဆိုရင် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ မှတ်တမ်း ထားရှိရမယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ မှတ်တမ်းတွေကို မိတ္တူအနည်းငယ် ပွားယူထားပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဌာန၊ လုပ်ခစရိတ်တွေ တွက်ချက်တဲ့ ဌာနတွေကိုလည်း ပေးပို့ထားရပါမယ်။ အဲဒီ ဌာနတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ အချက်တွေကို သေသေချာချာ မှတ်တမ်းတင် ထိမ်းသိမ်း ထားရလိမ့်မယ်။ ဒါပေမဲ့ အဓိက သတင်းအချက်အလက်တွေကတော့ HR ဌာနလို၊ အုပ်ချုပ်ရေးဌာနလို နေရာတွေမှာ ထားရှိရမယ်လို့ ဆိုတယ်။ တိုးတက်ဖွံ့ဖြိုးနေတဲ့ ကုမ္ပဏီတွေမှာတောင် ဝန်ထမ်းလျော့ပါးမှု ပြဿနာက ရှိစမြဲပါပဲ။ ဒါပေမဲ့ အဲဒီ ပမာဏကို အနည်းဆုံးဖြစ်အောင်တော့ ရည်ရွယ်ချက် ထားရှိရပါမယ်။ အလုပ်သမားတွေ ထွက်သွားလို့ ပြန်လည် ဖြည့်တင်းမှုနဲ့ ပတ်သက်ပြီး ပုံသေနည်းလေး တစ်ခုကို လေ့လာတွေ့ရှိမိတယ်။ အဲဒါကတော့ အောက်ပါအတိုင်းပါပဲ။ ဝန်ထမ်းတွေ ထွက်သွားရတာကို လေ့လာကြည့်တဲ့အခါ ပြင်ပက စေ့ဆော်တဲ့ အကြောင်းအရာတွေနဲ့ အတွင်းထဲက စေ့ဆော်တဲ့ အကြောင်းအရာတွေ ဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ အတွင်းထဲက စေ့ဆော်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါတိုင်းဖြစ်ကြတယ်။
(၁) လုပ်ခလစာ
(၂) မိမိနှင့် မသင့်လျော်သော အလုပ်
်(၃) မကြိုက်နှစ်သက်သောလုပ်ငန်း
(၄) စွမ်းဆောင်ရည်အတွက် အရည်အချင်း မပြည့်မီသော လုပ်ငန်း
(၅) စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု
(၆) ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းအခြေအနေများ
(၇) လုပ်ငန်းနှင့် နှီးနွှယ်ဆက်စပ်နေမှုများ
(၈) မက်လုံးပေးမှု ပျက်ကွက်ခြင်း
(၉) အခြေအနေ အနေအထား တိုးတက်ချင်သည့် ဆန္ဒများ
(၁၀) ကျယ်ပြန့်သော အတွေ့အကြုံ ရယူလိုသည့် ဆန္ဒများ
ပြင်ပကနေစေ့ဆော်လာတဲ့ အကြောင်းခြင်းရာတွေကတော့ အောက်ပါအတိုင်းဖြစ်ကြတယ်။
(၁) သွားလာရေး ခက်ခဲမှု
(၂) နေရာထိုင်ခင်း ခက်ခဲမှု
(၃) ကျန်းမာရေး ချို့ယွင်းလာမှု
(၄) အိမ်တွင်းရေး အခက်အခဲများ
(၅) လက်ထပ်ထိမ်းမြားမှု
(၆) အဝေးတစ်နေရာသို့ ထွက်ခွာသွားရခြင်း
(၇) အငြိမ်းစားယူမှု
ဝန်ထမ်းတွေ လျော့နည်းသွားရတာ၊ ထွက်သွားရတာတွေကို လေ့လာစုံစမ်းကြည့်ရင် အထက်က အကြောင်းခြင်းရာတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ဘယ်လို လျှော့ချရမလဲဆိုတာကိုလည်း လေ့လာသင့်တယ်။ အချိန် အပိုင်းအခြားအနေနဲ့ လုပ်ငန်းခွင်ကို ရောက်ရှိလာမှုနဲ့ ကာလရှည်ကြာစွာ ပျက်ကွက်နေမှုတွေကိုလည်း ပပျောက်သွားအောင် ဖယ်ရှား အားထုတ်သင့်ပါတယ်။ အဲဒီ အကြောင်းအရာတွေ များပြားလာရင် လုပ်ငန်းစွမ်းဆောင်ရည် နည်းပါးသွားမှာကို စိုးရိမ်ရတဲ့အတွက်ပဲ ဖြစ်တယ်။ တချို့သော လုပ်ငန်းရပ်တွေဟာ အမျိုးသား၊ အမျိုးသမီး ခွဲခြားလုပ်ကိုင်မှုက ပိုပြီးတော့ အရေးပါ အရာရောက်တာကို တွေ့ရတယ်။ ဥပမာအားဖြင့် အထည်ချုပ် လုပ်ငန်းတွေက အမျိုးသမီးတွေနဲ့ ပိုမို သင့်တော်ပြီး စက်ယန္တရားတွေ မောင်းနှင်ရတဲ့ လုပ်ငန်းတွေကတော့ အမျိုးသားတွေနဲ့ ပိုပြီးတော့ သင့်တော်တာမျိုး ဖြစ်တယ်။ တချို့သော ဌာနတွေက ဝန်ထမ်းနုတ်ထွက်မှု၊ ထုတ်ပယ်ရမှု များပြားပြီး တချို့သော ဌာနတွေကတော့ ဝန်ထမ်းနုတ်ထွက်မှု၊ ထုတ်ပယ်ရမှုတွေ နည်းပါးတာကို တွေ့နိုင်ပါတယ်။ အဲဒါတွေကိုလည်း လေ့လာပြီး စာရင်းပြုစု ထားသင့်တယ်။ ပြီးတော့ နုတ်ထွက်မှု၊ ထုတ်ပယ်မှုတွေ လျော့နည်း သက်သာသွားအောင် ကြံဆောင်သင့်ပါတယ်။ အလုပ်နုတ်ထွက်သွားမယ့် သူတွေအနေနဲ့လည်း ထူးခြားကောင်းမွန်တဲ့ အခြေအနေကို ရရှိမယ်လို့ ကံသေကံမ တွက်ချက်ထားလို့ မရပါဘူး။ စဉ်းစားချင့်တွက်စရာ အားလုံးကို တွက်ချက်လေ့လာပြီးမှ နုတ်ထွက်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
အညွှန်း - THE NATURE OF MANAGEMENT by H.R LIGHT
ရေးသားသူ-သူရထိုက်
By HR Journal 19 February, 2011 - 11:05
0 comments:
Post a Comment