လူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာတွေရဲ့ ထိရောက်မှုကို ဘယ်လို တိုင်းတာမလဲ
(၁) ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေမှာ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာတွေနဲ့ စီမံကိန်း (HR Strategies and Plans) တွေ ရေးဆွဲ အကောင်အထည် ဖော်ရတာဟာ တော်တော့်ကို အကုန်အကျ များပါတယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီတွေဆိုတာ အမြတ်အစွန်း (Profit) အတွက် အဓိကထား လုပ်ကိုင်နေကြရတာမို့ သက်ဆိုင်ရာ စီမံခန့်ခွဲသူ Management တွေ၊ ဒါရိုက်တာ အဖွဲ့ဝင် (Board of Directors) တွေအနေနဲ့ HR Strategies တွေ Plans တွေက အဖွဲ့အစည်းအတွက် ရရှိလာမယ့် အကျိုးကျေးဇူး (Benefits) တွေကို သိသိသာသာ တွေ့မြင်သိရှိ လိုကြပါတယ်။
သင်တန်း (Training) တွေပေး၊ Employee Development Program တွေလုပ်၊ ဆုပေးချီးမြှင့်စနစ် (Reward System) တွေကို ငွေကြေးတွေ၊ လုပ်အားတွေ၊ အချိန်တွေ အမြောက်အများ အကုန်အကျခံ အကောင်အထည်ဖော် ဆောင်ရွက် (Implement) လုပ်ပြီးမှ သိသာထင်ရှားတဲ့ အကျိုးရလဒ် Benefits တွေ များများစားစား ရမလာခဲ့ဘူးဆိုရင် အဖွဲ့အစည်းရဲ့ Management ပိုင်းကလည်း ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ငွေကြေးဆိုင်ရာ မဟာဗျူဟာ (Financial Management Strategy) တွေချမှတ်ဖို့ စဉ်းစားဆုံးဖြတ် ကြတဲ့အခါမှာ သက်ဆိုင်ရာ မဟာဗျူဟာတွေရဲ့ ရလဒ် (Outcome) တွေနဲ့ ထိရောက်မှု (effectiveness) တွေကို တိတိကျကျ တိုင်းတာနိုင်သလို HR Plan နဲ့ Strategy များ ရေးဆွဲ အကောင်အထည် ဖော်ဖို့ကိုလည်း သက်ဆိုင်ရာ Outcome တွေ၊ Effectiveness တွေကို တိုင်းတာ ဆောင်ရွက်ဖို့ တာဝန်ဟာ HR မန်နေဂျာများ အပေါ်ကို ကျရောက် လာပါတယ်။
(၂) တကယ်တော့ လူသားအရင်းအမြစ် (Human Resources) နဲ့ လူ့စွမ်းအား (Human Power) ဆိုတာတွေဟာ ထိတွေ့ကိုင်တွယ်လို့ မရတဲ့တန်ဖိုး (Intangible Value) တွေ ဖြစ်တဲ့အတွက် အလွယ်တကူ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း သက်ဆိုင်ရာ HR မန်နေဂျာတွေနဲ့ တက်အားသမျှ ကြိုးပမ်းတိုင်းတာ ကြတဲ့အခါမှာ HR စွမ်းဆောင်ရည် (HR Performance) ကိုတိုင်းတာတဲ့ tools တွေ အသီးသီး ထွက်ပေါ် လာကြပါတယ်။ ယေဘုယျအားဖြင့် ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုရဲ့ HR Performance ကို တိုင်းတာနိုင်တဲ့ Tools တွေကတော့
(၁) အလုပ်သမား၊ ဝန်ထမ်းများ၏ အမူအကျင့် လေလာမှုစစ်တမ်း (Employee attitude surveys)
(၂) Customer များ၏ သဘောထား လေ့လာမှုစစ်တမ်း (Customer Surveys)
(၃) Supplier များ၏ သဘောထား လေ့လာမှုစစ်တမ်း (Supplier Surveys)
(၄) အကယ်၍ မိမိအဖွဲ့အစည်း၊ ကုမ္ပဏီ ကြီးမားပါက ပြည်သူလူထု၏ သဘောထား လေ့လာမှုစစ်တမ်း (Public Image Surveys)
(၅) ပြင်ပ သုတေသန ဆောင်ရွက်မှုများ (External Research Projects)
(၆) လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် အဖွဲ့အစည်း၏ စီးပွားရေးဆိုင်ရာ ရလဒ် (Business Results) များ အပြန်အလှန် ဆက်စပ်မှု (Correlations between the implementation of a new HR strategy and the organization's business results)
(၇) ဝန်ထမ်းများ အလုပ်မှ ထွက်ပါက ပြုလုပ်သည့် အင်တာဗျူး (Exit Interviews)
(၈) အလုပ်သမား ခန့်ထားမှုနှင့် ဝန်ထမ်းကောင်းများအား ထိန်းသိမ်း ထားနိုင်မှုဆိုင်ရာ ပြဿနာများ (The presence or otherwise of recruitment and retention problems)
စသည်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ Tools တွေနဲ့ တိုင်းတာရာမှာ HR ရဲ့ သဘောတရားအရ တိတိကျကျ တိုင်းတာဖို့ ခက်ခဲတဲ့အတွက် HR မန်နေဂျာများဟာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ HR ဆိုင်ရာ ကိန်းဂဏန်းတွေ၊ ညွှန်ကိန်းတွေဟာ စာရွက်တွေပေါ်မှာ ကောင်းနေတတ် ပေမယ့်လည်း လက်တွေ့မှာ အဆင်မပြေမှုတွေ များစွာရှိနေ နိုင်ပါတယ်။ နောက်တစ်ချက်က HR Strategy တွေရဲ့ ပင်ကိုယ်ကိုက ရှုတ်ထွေး လှတဲ့အတွက် တစ်ခါတလေမှာ ၎င်းတို့ရဲ့ ရလဒ် (Result) ကို ဘယ်လို တိုင်းတာရမလဲ ဆိုတာကို သေသေချာချာ မသိ ဖြစ်တတ်ပါတယ်။ ဥပမာ လူတစ်ယောက် အရည်အသွေး (Skill) တတ်လာတယ်ဆိုတာ ဘယ်လောက် တက်လာတာလဲ Marketing တို့၊ Sale တို့က ပြောသလို ဘယ်နှစ်သိန်းဖိုး၊ ဘယ်လောက်ဖိုး ဆိုပြီး ပြောလို့မရတဲ့ သဘောပါ။
နောက်တစ်ခါ သက်ဆိုင်ရာ လေ့လာမှုစစ်တမ်း (Surveys) တွေ ပြုလုပ်တဲ့အခါမှာ မန်နေဂျာတွေ၊ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည် (Performance) ကို ပိုပိုသာသာ တွေးတော (wishful thinking) လုပ်ပြီး ဆောင်ရွက်ကြတဲ့ အတွက် တိကျမှန်ကန်တဲ့ ရလဒ်တွေရရှိဖို့ ခက်ခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ HR Strategy တွေဟာ များသောအားဖြင့် ရေရှည် (long-term) ဆောင်ရွက်ရတဲ့ Plan တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ HR Strategy တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အချိန်နဲ့ ၎င်းတို့ရဲ့ ရလဒ်ကို တိုင်းတာတဲ့ကြားမှာ လုံလောက်တဲ့ အချိန်ကာလတစ်ခု ရယူဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ သက်ဆိုင်ရာရလဒ် တိုင်းတာမှုတွေဟာ ဘယ်လိုမှ မှန်ကန်တိကျနိုင်မှာ မဟုတ်ပါဘူး။
(၃) ဘယ်လိုပဲဖြစ်ဖြစ် HR မန်နေဂျာတွေ အနေနဲ့ HR ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး BOD (Board of Directors) တွေရဲ့ အလေးအနက် အာရုံစူးစိုက်မှုကို လိုချင်ကြတဲ့အတွက် HR Strategy တွေနဲ့ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် (Performance) တို့ ဆက်စပ် ပတ်သက်မှုကို သက်သေပြကြဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး HR ဂရုကြီး တစ်ဦးဖြစ်တဲ့ Jeffrey Pfeffer ကတော့ သူ့ရဲ့ Universal Practices (HR ဆိုင်ရာ ဘုံနည်းလမ်းကောင်း) တွေကို လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ကုမ္ပဏီတွေရဲ့ Performance တွေ မလွဲမသွေ တက်လာလိမ့်မယ်လို့ ဆိုပါတယ်။ Pfeffer ရဲ့ Universal Practices တွေကတော့
(၁) အလုပ်အကိုင် အာမခံချက် (Employment Security)
အလုပ်သမား ဝန်ထမ်းတွေ အနေနဲ့ ၎င်းတို့အတွက် အလုပ်အကိုင်ဆိုင်ရာ အာမခံချက် အပြည့်အဝ ရမယ်ဆိုရင် အလုပ်နဲ့ အဖွဲ့အစည်းအပေါ် ပိုမိုပြီး ပူးပေါင်းပါဝင် (Contribute) လုပ်လာနိုင်ပါတယ်။
(၂) ဝန်ထမ်းရွေးချယ် ခန့်ထားစဉ် ကတည်းက ဂရုစိုက်ရွေးချယ် ခန့်ထားခြင်း (Selectivity in hiring)
ဝန်ထမ်းရွေးချယ် ခန့်ထားစဉ် ကတည်းက ဒေါင်ဒေါင်မြည် ဝန်ထမ်းကောင်းတွေကို စနစ်တကျ ရွေးချယ် ခန့်ထားခြင်း အားဖြင့် ကုမ္ပဏီရဲ့ HR ဆိုင်ရာ ကုန်ကျစရိတ်တွေကို ရေရှည်မှာ များစွာလျှော့ချ နိုင်ပါတယ်။
(၃) ကိုယ်ပိုင်အုပ်ချုပ် ဆောင်ရွက်နိုင်သည့် အဖွဲ့ငယ်များ ဖွဲ့စည်းပေးခြင်းနှင့် ဆုံးဖြတ်ချက် မှန်သမျှကို ဗဟိုမှဆုံးဖြတ် လုပ်ကိုင်မှုများကို အတက်နိုင်ဆုံး လျှော့ချခြင်း (Self-management work teams and decentralisation of decision-making)
အသင်းအဖွဲ့ စိတ်ဓာတ် (Team Working) ဟာ အဖွဲ့အစည်းရဲ့ Performance တက်လာဖို့အတွက် အဓိက ကျပါတယ်။
(၄) စွမ်းဆောင်ရည်ပေါ် မူတည်၍ လစာ၊ ဆုကြေး စသည်များကို တိုးမြှင့်ပေးခြင်း (High compensation contingent on work performance)
ဒီဘက်ခေတ်မှာ တချို့ ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ဝန်ထမ်းတွေကို ဆုကြေးအဖြစ် ကုမ္ပဏီရဲ့ Stock ရှယ်ရာတွေကို ပိုင်ဆိုင်ခွင့် ပေးနေပါပြီ။
(၅) သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ပေးခြင်း (Extensive training)
ဝန်ထမ်းများကို training များ စီစဉ်ဆောင်ရွက် ပေးခြင်းဖြင့် ၎င်းတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ Learning Process ကိုများစွာ အထောက်အကူ ပြုစေပါတယ်။
(၆) အဆင့်အတန်း ခွဲခြားမှုများကို လျှော့ချခြင်း (Reducing status differences and barriers)
အဆင့်အတန်း ခွဲခြားမှုများကို လျှော့ချခြင်းဟာ ဝန်ထမ်းများကို မိသားစုပုံစံ နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။
(၇) သတင်းအချက်အလက်များကို မျှဝေပေးခြင်း (Information Sharing)
ကုမ္ပဏီရဲ့ အတွင်းရေးတွေ၊ သတင်း အချက်အလက် တွေကို ဝန်ထမ်းများကို မျှဝေသိခွင့် ပေးခြင်းအားဖြင့် ဝန်ထမ်းများနဲ့ ကုမ္ပဏီအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပွင့်လင်းမှုတို့ကို တည်ဆောက်နိုင်ပါတယ် စသည်တို့ ဖြစ်ပါတယ်။
<p>Ref: Human Resource Management at Work (4th Edition)</p>
By: Mick Marchington and Adrian Wildinson
By HR Journal Originally posted 28/02/2011 14:13PM
0 comments:
Post a Comment