လုပ်ငန်းခွင် အတွင်းတွင် ကြုံတွေ့ရသည့် စိတ်ဖိစီးမှု ပြဿနာများ
ယနေ့ခေတ် စီမံခန့်ခွဲသူများသည် မိမိတို့၏ အဖွဲ့အစည်းတွင် ရှိသော ဝန်ထမ်းများ အလုပ်သမားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးမြင့်လာရေး အတွက် ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်း (Healthy Organization) တစ်ခု ဖြစ်ပေါ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်း အားထုတ်လျက် ရှိကြပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အပါအဝင် ထိရောက်သော စီမံခန့်ခွဲမှု အစီအမံများဖြင့် ကျင့်သုံးလာပါ၏။ အဆိုပါ အစီအမံများထဲတွင် ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးရေး၊ တရားမျှတမှု (Fairness) ခံစား ရရှိစေရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်နီတိ (Ethics) များ သိရှိနားလည် လိုက်နာစေရေး၊ စိတ်ဖိစီးမှုများ လျှော့ချ ထိန်းသိမ်းနိုင်ရေး စသည်တို့ ပါဝင်ကြပါသည်။ စီမံခန့်ခွဲသူများအနေဖြင့် ဝန်ထမ်းများ ကြုံတွေ့ ခံစားရလေ့ရှိသော စိတ်ဖိစီးမှု ပြဿနာများ၊ ဝိရောဓိများကို လေ့လာ သုံးသပ်ရန် လိုအပ်ပြီး မည်သို့ ဖြေရှင်းနိုင်မည်ကို ကြိုတင် စဉ်းစားထားရပါမည်။
စိတ်ဖိစီးမှု (Stress)နှင့် စိတ်လှုပ်ရှား တက်ကြွမှု (Arousal)
လုပ်ငန်းခွင် အတွင်းတွင် အလုပ်သမားများသည် စိတ်ဖိစီးမှုများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြုံတွေ့ ခံစားရသဖြင့် အလုပ်တက်ရက် ပျက်ကွက်ခဲ့ရကြောင်း စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှား တက်ကြွမှု သုတေသန ပြုသူများက တွေ့ရှိခဲ့ကြပါသည်။ ရှေးရိုး အစဉ်အလာ တစ်ရပ်အနေဖြင့် လူအပါအဝင် သတ္တဝါများသည် ကြောက်လန့်ဖွယ်ရာ အခြေအနေ တစ်ရပ်ရပ်ကို ဗြုန်းစားကြီး တွေ့ကြုံရသည်နှင့် တစ်ပြိုင်နက် စိတ်ဖိစီးမှု တုံ့ပြန်ချက်သည် အလိုအလျှောက် ဖြစ်ပေါ်လာရသည်ဟု လက်ခံထားပါသည်။ အန္တရာယ်တစ်စတစ်ခု မမျှော်လင့်ဘဲ ကြုံတွေ့ရသောအခါ လူတို့၏ ပင်ကိုဗီဇအရ ပြန်လည် တုံ့ပြန်မှု ဟူသည် ဖြစ်ပေါ်စမြဲ မဟုတ်ပါလား။ ဥပမာ- တောတွင်း တစ်နေရာရာတွင် ဒေါသမုန်ယိုနေသော ဆင်တစ်ကောင်နှင့် ပက်ပင်း ရင်ဆိုင်တွေ့ရသောသူ တစ်ဦးသည် မလွဲမသွေ ကြောက်ရွံ့ထိတ်လန့်စိတ် ပေါ်လာပါမည်။ ထိုအတူ ဝန်ထမ်းငယ် တစ်ဦးအဖို့ ဒေါသအိုး ပေါက်ကွဲနေသော မိမိ၏ဌာန မန်နေဂျာကြီး သို့မဟုတ် ယခုခေတ်အခေါ် “သူဌေး” ၏ရှေ့တွင် ရောက်ရှိသွားသောအခါ ၎င်းသည်လည်း ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ် အပါအဝင် စိတ်ဖိစီးမှု ခံစားရပါမည်။
ထိုသို့သော အခြေအနေမျိုးတွင် လူတို့ခန္ဓာကိုယ်၏ ဓာတ်များ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်ကာ ခံတွင်းခြောက်လာခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ ကြွက်သားများ တင်းရင်းလာခြင်း စသော ခန္ဓာကိုယ်ဆိုင်ရာ စွမ်းပကားများ တိုးမြင့်စေပါသည်။ ယေဘုယျအားဖြင့် လူတစ်ဦး တစ်ယောက်သည် စိတ်လှုပ်ရှား တုံ့ပြန်မှု တစ်စုံတစ်ရာ ကြုံတွေ့ခံစားရပါက ၎င်းစိတ်လှုပ်ရှားမှုနှင့် အတူ “စိတ်ဖိစီးမှု” သည်လည်း တစ်ပါတည်း ထက်ကြပ်မကွာ ပါလာပါမည်။
လူအပါအဝင် သတ္တဝါဟူသမျှတို့သည် မိမိတို့ ခန္ဓာကိုယ်၏ သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ်ရာ အခြေအနေများကို ဆုံတွေ့ခြင်းကြောင့် “ရှောင်ကွင်း/ထွက်ပြေးမလား” သို့မဟုတ် “ရင်ဆိုင်တိုက်ခိုက်မလား” ဆိုသည့် ရောဂါလက္ခဏာ (Flight or Fight Syndrone) ဖြစ်ပေါ်လာရပါသည်။ သတ္တဝါတို့၏ ခန္ဓာကိုယ် သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ် အရေပေါ် အခြေအနေ တစ်ရပ် ကြုံတွေ့ရခဲ့သော် ထွက်ပြေး တိမ်းရှောင်သော နည်းကိုဖြစ်စေ ရင်ဆိုင်တိုက်ခိုက်သော နည်းကိုဖြစ်စေ တစ်နည်းနည်းကို ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ဥပမာအားဖြင့် သမင်ငယ်သည် ကျားသတ္တဝါနှင့် တွေ့သောအခါ မိမိ၏ အသက်ဘေးမှ လွတ်ကင်းရေး အတွက် လျင်မြန်သော အဟုန်ဖြင့် သေချာပေါက် ထွက်ပြေးရပေမည်။ အခြားတစ်ဖက်တွင် အိမ်မွေးကြောင် တစ်ကောင်သည် ၎င်းအား ရန်မူလာသည့် ခွေးကို တွေ့သောအခါ အမွေးအမှင်များ ထောင်လာပြီး အသံပေး အော်မြည်ကာ ဖွက်ထားသည့် လက်သည်းများကို ဖွင့်ထုတ်လျက် ကုတ်ဖဲ့နိုင်ရန် အသင့်အနေအထားဖြင့် ရင်ဆိုင် တိုက်ခိုက်ဖို့ ပြင်ဆင်သည်ကို စာရှုသူများ မြင်ဖူးကြပါလိမ့်မည်။
လူတို့သည်လည်း သတ္တဝါများနည်းတူ ထိုသို့သော စိတ်လှုပ်ရှား ခံစားမှုမျိုး အပေအဆိုပါ Flight or Fight အတိုင်း သဘာဝကျစွာ ကျင့်သုံးနိုင်သော်လည်း လူ၏အသိဉာဏ်၊ တွေးခေါ်မြော်မြင်မှုဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်မှ သာလျှင် “လူသား” ဆန်မည် ဖြစ်ပါသည်။ စိတ်လှုပ်ရှား တက်ကြွမှု (Arousal) ကို Lacey က အောက်ပါအတိုင်း အမျိုးအစား (၃) မျိုး ခွဲခြား လေ့လာခဲ့ပါသည်။
(က) အသိစိတ်ကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Cognitive Arousal)
စိတ်ပူပန်မှု၊ စိတ်သောက ရောက်မှုများ တိုးမြင့်လာသဖြင့် စိတ်ဖိစီးမှု ဆက်လက် ရရှိလာမည် ဖြစ်ပါသည်။
(ခ) ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှား တက်ကြွမှု (Somatic Arousal)
ခန္ဓာကိုယ်ရုပ်မှ ခံစားမှုကြောင့် ခြေဖျား၊လက်ဖျား အေးစက်ခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။
(ဂ) အပြုအမူဆိုင်ရာကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Behavioural Arousal)
အခြေအနေ တစ်ခုခုကြောင့် ဂနာမငြိမ် ဖြစ်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ဟိုပြေးသည်ပြေးဖြင့် ဆောက်တည်ရာမရ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ သုတေသီများ လေ့လာတွေ့ရှိ ထားချက်အရ စိတ်လှုပ်ရှား တက်ကြွမှုနှင့် စိတ်ဖိစီးမှုများ၏ အယူအဆများသည် ယခင်ရှေးရိုး အစဉ်အလာက ယူဆထားသည်ထက် ပိုမိုရှုပ်ထွေး နက်နဲကြောင်း သိရှိ လာကြပါသည်။ မည်သို့ပင် ဖြစ်စေ စိတ်ဖိစီးမှု ရေရှညခံစားလာရခြင်းသည် ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ နှလုံး၊ သွေးတိုးရောဂါ စသော ရောဂါများ ရရှိခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း သိလာရခြင်းလည်း အပါအဝင် ဖြစ်ပါသည်။
ယနေ့ခေတ် အခါတွင် ဆရာဝန်များကို ရောဂါတစ်စုံတစ်ခု အတွက် တွေ့ဆုံပြသ တိုင်ပင်သည့်အခါ ဆရာဝန်များက ထိုလူနာအား ရောဂါဇာစ်မြစ် အကြောင်းအရာများကို မေးမြန်းစူးစမ်းရာတွင် “စိတ်ဖိစီးခြင်း ခံစားရမှု အခြေအနေ”ကို ထည့်သွင်း မေးမြန်းလာသည်ကို တွေ့ရှိရပါသည်။
လုပ်ငန်းခွင် စိတ်ဖိစီးမှု (Work Stress)
Cooper ၏ ၁၉၈၆ ခုနှစ် လေ့လာချက်အရ အမေရိကန်ပြည်ထောင်စုတွင် ဝန်ထမ်းများသည် လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြုံတွေ့ ခံစားရသောကြောင့် အငြိမ်းစား ယူရမည့် အသက်အရွယ်သို့ မရောက်မီ စောစီးစွာ အလုပ်မှ အနားယူခြင်း (Early Retirement) ပြုကြသဖြင့် ဝန်ထမ်းအသစ်များကို အစားထိုး ခန့်အပ်ခဲ့ရပါသည်။ ထိုသို့ အချိန်မတိုင်မီ ဝန်ထမ်းများ ရွေးချယ် ခန့်အပ်ရသဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၇၀၀ကျော် ကုန်ကျခဲ့ရကြောင်း၊ ဝန်ထမ်းများ စောစီးစွာ အနားယူရခြင်းမှာလည်း အလုပ်နှင့် သက်ဆိုင်သော စိတ်ဖိစီးမှုများ ခံစားရခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ရှိသင့်သည့် ရုံးသုံး ပရိဘောဂ၊ စက်ပစ္စည်း ကိရိယာများ ပြည့်စုံစွာ မရှိပါက စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ ရတတ်ပါသေးသည်။ ဥပမာ တက္ကသိုလ်တစ်ခုမှ ကထိက တစ်ဦးသည် မိမိ၏ ကျောင်းသားများအား မေးခွန်းပြုစုရန် အတွက် ကွန်ပျူတာ၊ Scanner၊ မှီငြမ်း စာအုပ်များစသည်တို့ ပြည့်စုံလုံလောက်ခြင်း မရှိပါက ပြည့်စုံလုံလောက်မှု ရှိသော အခြားတက္ကသိုလ်မှ ကထိကထက် စိတ်ဖိစီးမှု ဝေဒနာ သိသာစွာ ပိုမို ခံစားရမည်မှာ မုချပင်။
လုပ်ငန်းတာဝန် ဆောင်ရွက်သူ အခန်းနှင့် ဆိုင်သော ပဋိပက္ခ (Role Conflict)
ယခုခေတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲအစည်း တစ်ခုခုတွင် မိမိ၏ စားဝတ်နေရေး အတွက် မိမိတတ်ကျွမ်းရာ ပညာဖြင့် အလုပ်လုပ်နေရ၏။ တစ်နည်းဆိုသော် လူ့ဘဝ ဇာတ်ခုံတွင် ကျရာဇာတ်ရုပ်မျိုးဖြင့် ကပြ အသုံးတော်ခံ နေရခြင်းဖြစ်၏။ လူပုဂ္ဂိုလ် တစ်ဦးတည်းပင်လျှင် ရောက်ရှိသည့်နေရာ သို့မဟုတ် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကွဲပြားသည့် အလျောက် ပါဝင်ကပြသည့် ဇာတ်ရုပ်နေရာ (Role) ကွာခြားကြောင်း အလွယ်တကူ သိရှိနိုင်ပါသည်။ ဥပမာ- ကုမ္ပဏီတစ်ခုမှ HR မန်ဂျာကြီးသည် ကုမ္ပဏီတွင် “မန်နေဂျာ” ဆိုသော ဝန်ထမ်း Role မှ ဆောင်ရွက်နေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အောက်ပါအတိုင်း ပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် အညီ Role အသီးသီး ပြောင်းလဲသွားပါသည်။
- အိမ်ပြန်ရောက်သောအခါ ဇနီးသည်နှင့် တွေ့သောအခါ “ခင်ပွန်း”
- မိဘများနှင့် တွေ့သောအခါ “သား”
- သားသမီးများ အတူတူ နေသောအခါ “ဖခင်”
- မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများ အကြားမှာ “သူငယ်ချင်း”
- မြို့နယ်အသင်း၊ လူမှုရေး အသင်းတွေမှာ “ကော်မီတီ အမှုဆောင်”
စသည်ဖြင့် ဇာတ်ရုပ် (Role) အမျိုးမျိုးဖြင့် ပါဝင် အသုံးတော် ခံနေရသည်။ အထူးသဖြင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း Role တွင် “သဘောထား မတိုက်ဆိုင်မှုများ” သို့မဟုတ် “ဝိရောဓိများ” ကြုံတွေ့ လာရသောအခါ စိတ်ဖိစီးမှုများ ဖြစ်ပေါ် ခံစားလာရကြောင်း အောက်ပါအတိုင်း လေ့လာ သုံးသပ်နိုင်ပါသည်။
(၁) ညွှန်ကြားသူ တစ်ဦး၏ ကွဲပြားသော လမ်းညွှန်ချက် ဝိရောဓိ (Intrasender Conflict)
အထက်အရာရှိက ချမှတ်သော ဝိရောဓိ ဖြစ်တတ်သော လမ်းညွှန်ချက်များကြောင့် လက်အောက် ဝန်ထမ်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရုံသာမက စိတ်ဖိစီးမှု ခံစားရနိုင်ပါသည်။ ဥပမာ မိမိအား အထက်အရာရှိက တယ်လီဖုန်းဖြင့် “ဒီကို တစ်နာရီအတွင်း အမြန်ဆုံးလာခဲ့ပါ။ လမ်းမှာ ဘာတွေ၊ ဘယ်လိုဖြစ်မယ်ဆိုတာ ငါ့ကိုမပြောနဲ့” ဟု ညွှန်ကြားသဖြင့် မိုင် ၅၀ ဝေးကွာသော ပဲခူးမြို့သို့ ရန်ကုန်မှ တစ်နာရီအတွင်း ရောက်အောင် ကားမောင်း လာခဲ့ရပါသည်။ ထိုဆရာ တစ်ဦးတည်းကပင် ရုံးတွင်း ညွှန်ကြားချက် အနေဖြင့် “မော်တော်ယာဉ်များကို မည်သည့်အခါမှ တစ်နာရီမိုင် ၃၀ နှုန်းထက်ပို၍ မမောင်းရ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အဆိုပါ မိုင်နှုန်းထက် ကျော်လွန်မောင်းပါက ထိရောက်စွာ အရေးယူမည်”ဟု ထုတ်ပြန် ထားခဲ့ပါသည်။ ယခုကဲ့သို့ မိမိအား တစ်နာရီအတွင်း ပဲခူးသို့ရောက်အောင် ကားအမြန်မောင်းခဲ့ရသဖြင့် မူလက ချမှတ်ထားသည့် အန္တရာယ် ကင်းရှင်းရေး မူဝါဒကို ဖောက်ဖျက်ခဲ့ရပါသည်။ ဤသို့သော လမ်းညွှန်စေခိုင်းချက် ဝိရောဓိမျိုးသည် ဝန်ထမ်းအား စိတ်ဖိစီးမှု ဖြစ်စေပါသည်။
(၂) မန်နေဂျာနှစ်ဦး၏ လက်အောက် ဝန်ထမ်း- ဝိရောဓိ (Intrarole Conflict)
တစ်ခါတစ်ရံ ဝန်ထမ်း တစ်ဦးသည် လုပ်ငန်း အဖွဲ့အစည်းအတွင်း မတူသော ဌာနခွဲ ၂ ခုမှ အထက်အရာရှိ ၂ ဦး၏ ကြီးကြပ်အုပ်ချုပ်မှု ခံရတတ်ပါသည်။ မိမိအား မန်နေဂျာ တစ်ဦးက “နိုင်ငံခြားမှ ရောက်ရှိလာမည့် အရေးကြီး ဧည့်သည်အား လေဆိပ်သို့ သွားကြိုပါ” ဟု ညွှန်ကြားထားပြီးချိန်တွင် အခြား အထက်မန်နေဂျာ တစ်ဦးက ကုမ္ပဏီအတွက် အရေးပေါ် ငွေလိုသည့်အတွက် ဘဏ်မှ အမြန်ငွေ သွားထုတ်ပါ” ဟု ညွှန်ကြား လာပြန်ပါသည်။ ထိုသို့သော အခြေအနေတွင် ဝန်ထမ်းသည် အထက်လူကြီး နှစ်ဦးအကြား ကြားညပ်ရသည့် အနေအထား ဖြစ်လာရသည်ကို ကြုံတွေ့ဖူးသူတိုင်း သိရှိ သဘောပေါက်မည် ဖြစ်ပါသည်။
(၃) ပုဂ္ဂိုလ်တစ်ဦး၏ ဇာတ်ရုပ် ၂ မျိုး ဝိရောဓိ (Interrole Conflict)
လူပုဂ္ဂိုလ် တစ်ဦးတည်း အနေဖြင့် ဇာတ်ရုပ် ၂ မျိုးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ရန် အနေအထားကြောင့် ဝိရောဓိ ဖြစ်စေပါသည်။ ဥပမာအားဖြင့်- အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ရုံးလုပ်ငန်းတွင် Marketing Manager အဖြစ် တာဝန်ယူထားသည့် အားလျော်စွာ ယနေ့နေ့လယ် ၁ နာရီတွင် BOD က ခေါ်ထားသည့် အစည်းအဝေးကို မပျက်မကွက် တက်ရောက်ရန် ရှိနေပါသည်။ ထိုအစည်းအဝေးတွင် Marketing ကိစ္စများကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားသဖြင့် မိမိကိုယ်တိုင် မပျက်မကွက် တက်ရမည့် အနေအထား ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကျောင်းက အတန်းပိုင်ဆရာမက စတုတ္ထတန်းတွင် ပညာသင်ကြားနေသော သမီးဖြစ်သူ ကျောင်းတွင် နေမကောင်းသဖြင့် မိဘကိုယ်တိုင် ပြန်လာခေါ်ပါရန် ဖုန်းဆက်အကြောင်းကြား လာပါသည်။ သည်တွင် အစည်းအဝေး တက်ရမည့် "မန်နေဂျာ၏ Role" နှင့် ကျောင်းမှ သမီးကိုသွား၍ ခေါ်ရမည့် “မိခင်၏ Role” တို့အကြား အားပြိုင် နေပါတော့သည်။ ဤကိစ္စမျိုးသည်လည်း စိတ်ဖိစီးမှု ခံစားရရှိရန် ဦးတည်စေသည် မဟုတ်ပါလား။
(၄) ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် - ဝိရောဓိ (Person-role Conflict)
ကိုယ်ကျင့် သိက္ခာ၊ စာရိတ္တ စောင့်ထိန်းမှုကို ဦးစားပေးသူ တစ်ဦးသည် ၎င်းင်း၏ သူငယ်ချင်း တစ်ဦးကို ယုံကြည်စိတ်ချ အားထားပြီး နှစ်အတော်ကြာ ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါသည်။ တစ်နေ့တွင် စာမေးပွဲတစ်ခု ဖြေဆိုရာ၌ ထိုသူငယ်ချင်းသည် မသမာသောနည်းဖြင့် ဖြေဆိုခဲ့ကြောင်း သိရှိရသဖြင့် ၎င်းအပေါ် အတော်စိတ်ပျက်ခဲ့ရပါသည်။ ကိုယ်ကျင့်သိက္ခာတရားကို လက်ကိုင်ထားသူ အဖို့ အဆိုပါ သူငယ်ချင်းအား ရှိရင်းစွဲ အတိုင်း မိတ်ဖက်မပျက် ဆက်လက်ပေါင်းသင်းမည်လော၊ ထိုသို့သော အကျင့်စာရိတ္တ မကောင်းသောသူကို မိတ်ဆွေအဖြစ်မှ ရပ်စဲမည်လော ဝေခွဲရ ခက်လာပါမည်။ ဤသို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် ဝိရောဓိသည်လည်း စိတ်မချမ်းသာစရာ ဖြစ်ပေါ်စေသည်မှာ အမှန်ပါ။
(၅) အခြားကြုံတွေ့နိုင်သည့် ပြဿနာများ
လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို ဝန်ထမ်းကိုယ်စီ တာဝန်ထမ်းဆောင်ကြရာတွင် တာဝန်ဝတ္တရားများ သတ်မှတ်ချက် တိကျရေရာစွာ သတ်မှတ်မထားခြင်း၊ ခိုင်းစေ ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်း ပြောဆိုမထားခြင်း သို့မဟုတ် စာဖြင့် ရေးသား ဖော်ပြမထားခြင်း စသည့် မသေချာမရေရာမှုများ ကြုံတွေ့ ရတတ်ပါသည်။ ဤအခြေအနေမျိုးတွင် ဝန်ထမ်းများ အနေဖြင့် စမ်းတဝါးဝါးဖြင့် မှန်းဆ ဆောင်ရွက်ရသဖြင့် အမှားများ ဖြစ်ပေါ်နိုင်သကဲသို့ စိတ်ဖိစီးမှုပါ ကြုံတွေ့လာကြရပါသည်။ တစ်ခါတစ်ရံ လုင်ငန်းခွင်အတွင်း အလုပ်တာဝန် ခွဲဝေချထားရာတွင် စနစ်တကျ မရှိခြင်းကြောင့် အချို့ ဝန်ထမ်းများသည် အလုပ် တာဝန်ဝတ္တရားများ ပိုမိုများနေသဖြင့် တာဝန်ပိနေခြင်း (Role Overload) ဖြစ်နေတတ်ပါသည်။ တစ်ဖက်တွင် အချို့ဝန်ထမ်းများတွင် အလုပ် တာဝန်ဝတ္တရားများသည် ရာထူးနှင့် နှိုင်းစာလျှင် သော်လည်းကောင်း၊ လစာနှင့် ချိန်စက်လျှင် သော်လည်ကောင်း၊ အဆင့်တူ အခြားဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် သော်လည်းကောင်း လွန်စွာ အလုပ် တာဝန်နည်းနေခြင်း (Role Underload) ဖြစ်နေတတ်ပါသည်။ ထိုအခြေအနေ ၂ ရပ်စလုံးပင်လျှင် ဝန်ထမ်းတို့ စိတ်ချမ်းမြေ့စရာ အကြောင်းမဟုတ်ကြောင်းကို စီမံခန့်ခွဲသူများ အနေဖြင့် သတိမူရမည် ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မိမိတို့ဘဝ ရပ်တည်ရေးအတွက် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ဖြစ်စေ ကျရာ ဇာတ်ရုပ်ဖြင့် ကျင်လည်နေကြသည် ဖြစ်ရာ လူအမျိုးမျိုးနှင့် တွေ့ဆုံ ဆက်ဆံကြရပြီး ပြဿနာ ပေါင်းစုံနှင့်လည်း ကြုံတွေ့ရမည်မှာ ဓမ္မတာ ဖြစ်ပါသည်။ နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ပြဿနာများ၊ ဝိရောဓိများကြောင့် စိတ်ပင်ပန်း ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုတို့ကို ခံစားရပါက မိမိတို့၏ ကျန်းမာရေးကို ထိခိုက်လာမည် ဖြစ်သဖြင့် ထိုသို့သော အခက်အခဲ အခြေအနေများကို အထူးဂရုပြု ရှောင်ရှားနိုင်ရန်၊ ထိန်းသိမ်းနိုင်ရန် အရေးကြီးပါသည်။ ဖော်ပြခဲ့သော ပြဿနာများ၊ ဝိရောဓိများကို ဝန်ထမ်းရေးရာ ကိစ္စများကို ကိုင်တွယ်နေရသော HR မန်နေဂျာများ သိရှိထားရန် လိုအပ်ပြီး ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်းတစ်ခု ဖြစ်လာရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
By HR Journal 4 February, 2011 - 13:47
0 comments:
Post a Comment