စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

မဟာဗျူဟာမြောက် မြင်နိုင်ဖို့လိုသည်

မဟာဗျူဟာမြောက် မြင်နိုင်ဖို့လိုသည်
(It’s not that I want money. It’s a fun of making money and watching it grow.) ကမ္ဘာ့သူကြွယ်ကြီး Warren Buffett ကို ထူးချွန်ထက်မြက်သော ရင်းနှီးမြှုပ်နှံသူ Intelligent Investor ဟု အများက ခေါ်ဝေါ်ကြသည်။  ငွေကြေးချမ်းသာလိုမှု တစ်ခုတည်းကြောင့် အလုပ်လုပ်နေခြင်း မဟုတ်ကြောင်းနှင့် ငွေကြေး တစ်စုံတစ်ရာ ရအောင် ဆောင်ရွက်နိုင်ခြင်းသည် ပျော်စရာ ကောင်း၍ ပွားစည်းလာသည်ကို ကြည့်ရှု လိုသောကြောင့်ဟု သူပြောခဲ့သည်။ သူပြောခဲ့သည့် အတိုင်းပင် သူ့ပိုင်ဆိုင်သမျှ ချမ်းသာမှုတို့၏ ၈၅ ရာခိုင်နှုန်း ကို Gates Foundation ဟူသော ဘီလ်ဂိတ် ရန်ပုံငွေအဖွဲ့သို့ လှူဒါန်းပြီး ဖြစ်ပါသည်။ သူနှင့်အတူ Bill Gates, Carlos Slim စသော ထိပ်သီး သူကြွယ်ကြီးများလည်း စုစည်း၍ အမှန်တကယ် လိုအပ်သော နေရာများသို့ လှူဒါန်းနေကြပြီ ဖြစ်သည်။

ရွေးချယ်မှု ပြောင်းလဲလာ

အမေရိကန် ကဲ့သို့သော တိုးတက်သည့် နိုင်ငံများတွင် အရာရာကို စစ်တမ်းများ ကောက်လေ့ရှိကြ၏။ အများသုံး နည်းပညာနှင့် ပတ်သက်သော စစ်တမ်းကောက်ယူမှုတွင် (1990s) ကာလများ၌ ကျောင်းသား အများစုက Microsoft ကုမ္ပဏီကြီးတွင် အလုပ် လုပ်လိုကြကြောင်း ရွေးချယ်ခဲ့ကြသည်။  (2000s) ကာလတွင်မူ ကျောင်းသားလူငယ် အများစုက သူတို့၏ရွေးချယ်မှု ပထမ ဦးစားပေးကို Google အား ပြောင်းလဲ ရွေးချယ်ခဲ့ကြသည်။ အကြောင်းရင်းမှာ Google ၏ စီမံခန့်ခွဲခြင်း ယဉ်ကျေးမှုမှာ တဆင့်ချင်း ပြောင်းလဲ တိုးတက်လာခဲ့ပြီး အရည်အသွေး မြင့်မားသူများဖြင့် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ဟုဆိုသည်။ ဤတွင် အမေရိကန်တို့ ရှေ့တန်း ရောက်မြဲ ရောက်နေကြရခြင်း၏ အကြောင်းရင်းတစ်ခုမှာ မျိုးဆက်သစ်များသည် “အရည်အသွေး” ဦးစားပေး ကြည့်ရဆဲ ဖြစ်ကြောင်းနှင့် “စီမံခန့်ခွဲမှုကောင်း” များကို ယုံကြည် အလေးထားသောကြောင့် ဖြစ်သည်ကို တွေ့နိုင်ပေ၏။ မျိုးဆက်ဟောင်း များစွာတို့က သန္ဓေတည်ပေးခဲ့၊ ပြုစုပျိုးထောင်ပေးခဲ့သော စိတ်ဓာတ်နှင့် အမြင်များသည် အမေရိကန် လူငယ်မျိုးဆက်သစ်များအထိ သန်စွမ်းစွာ စွဲမြဲတည်ရှိနေဆဲ ဖြစ်သည်။ မျိုးဆက်ဟောင်းများ၏ နှစ်ပေါင်းရာနှင့်ချီ၍ မဟာဗျူဟာကျကျ မြင်နိုင်ခဲ့သော အကျိုး၊ အစဉ်အဆက် လက်ဆင့်ကမ်း ဆောင်ရွက်နိုင်ခဲ့သော အကျိုးများပင် ဖြစ်သည်။

တိမ်မြုပ်နေသော တန်ဖိုး

ဘတ်ဖက်သည် အလကားပဲတင်း Intelligent Investor ဟူသော ဂုဏ်ထူးကို ရခဲ့သူမဟုတ်ချေ။ မည်မျှ မဟာဗျူဟာကျကျ တွေးမြင်နိုင်မှု  (Strategic Thinking)၊ တိမ်မြုပ်နေသောတန်ဖိုး  (Underlying Value) ကို မည်မျှ ထွင်းဖောက် ကြည့်ရှုနိုင်မှု၊ စီမံခန့်ခွဲမှုကောင်း  (Good Governance) ကို မည်သို့ သက်တောင့် သက်သာ ဆောင်ရွက်နိုင်မှုတို့ကို သူမတူအောင် ဆောင်ရွက် နိုင်ခဲ့သောကြောင့် ထူးချွန်ထက်မြက်သော ရင်းနှီးမြှုပ်နှံသူအဖြစ် အများက သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သူ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတရား သီအိုရီများတွင် ထုတ်ဖော်ခဲ့သည်။ ဘတ်ဖက်က ကုမ္ပဏီများ၏ တိမ်မြုပ်နေသော တန်ဖိုးကို ရအောင် ကြည့်နိုင်သူဖြစ်၏။ ထိုကုမ္ပဏီကို ဦးစီးစီမံ ဆောင်ရွက်နေသော CEO ပင် မတွေ့နိုင်သော အားသာချက်၊ အားနည်းချက်တို့ကို ရှာဖွေနိုင်သူ ဖြစ်သည်။ လေ့လာသူများက သူ၏ ထိုးဖောက်မြင်နိုင်စွမ်းကို အမေရိကန်နိုင်ငံရေးတွင် ဦးဆောင်နေကြသော နိုင်ငံရေး ထိပ်သီးများနှင့် နှိုင်းယှဉ် ကြသည်။ အမေရိကန်နိုင်ငံကို ပဲ့ထိန်းနေကြသော ထိပ်သီး နိုင်ငံရေးသမားများမှာလည်း အမေရိကန်တို့၏ အားသာချက်၊ အားနည်းချက်များကို ကောင်းစွာ သိကြသူများ ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်လူမျိုးတို့၏ အားသာချက်ကို ထုတ်ယူ သုံးစွဲနိုင်ကြပြီး မဟာဗျူဟာ ကောင်းများကို ချမှတ်ခဲ့ကြသည်။ ဘတ်ဖက်သည်လည်း ထိုနည်းတူစွာ ရှိသည်ဟု ဆိုသည်။ စတော့ဈေးများ အတက်အကျတွင် သူကောင်းစွာ လေ့လာထားခဲ့သော ကုမ္ပဏီကြီးများ၏ ရှယ်ယာများကို ရောင်းတန်ရောင်း၍ ဝယ်တန် ဝယ်တော့သည်။

စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာ

Berkshire Hathaway  ဟူသော ကုမ္ပဏီကြီးတွင် သီးခြားရပ်တည်ကြသော ကုမ္ပဏီကြီးပေါင်း ၈၈ ခုထက် မနည်းရှိသည်။ အားလုံးကို ဦးဆောင်သူက Warren Buffett သာဖြစ်၏။ ဘတ်ဖက်က ဤမျှကြီးမားသော အင်အားစုကြီးကို ဦးဆောင်တတ်လျှင် မပင်ပန်းပါဟု ဆိုသည်။ သူ၏ အကြံပေးများသည် အမှန်လုပ်ငန်းကို နားလည်၍ ထက်မြက်ကြသူများ ဖြစ်၏။ ဘတ်ဖက်က သူ၏ အကြံပေးများနှင့် တိုင်ပင်သည်။ ဘတ်ဖက်၏ ဆန္ဒနှင့် ဆယ်ခါတွင်ကိုးခါ မတိုက်ဆိုင်ပဲ ငြင်းဆန်လေ့ရှိသော သူ့အကြံပေးတစ်ဦး၏ စကားကို ကောင်းစွာ နားထောင်သည်။ ပြီးတော့ လိုက်နာသည်။ “ကျွန်တော်အားလုံးကို အကုန်အစင် ဘယ်သိနိုင်မလဲ၊ တကယ်တော်တဲ့ သူတွေကို ဘယ်နေရာမှာ ဘယ်လို သုံးရမလဲဆိုတာ သိဖို့ပဲ လိုပါတယ်။ ကိုယ့်ကို မထောက်ခံလို့ စည်းဝိုင်းအပြင်ကို ထုတ်လိုက်ရင် စပြီး ကျဆုံးပြီလို့ မှတ်သားနိုင်တယ်” ၂၀၀၈ စီးပွားရေး အကြပ်အတည်းကြီးတွင် ဘတ်ဖက်လည်း အတော်အတန် ထိခိုက်ရပါသည်။ အများနှင့် ဆိုင်၍ မလွတ်သည့် သဘောမျှသာ ဖြစ်သည်။ အခြေအနေ အဆိုးဝါးကြီး မဟုတ်ပါ။ ယခုအခါ သူ၏ Berkshire Hathaway ၏ ရှယ်ယာများ တဟုန်ထိုး ပြန်တက်လာပါသည်။ အမေရိကန် လူထု၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ယုံကြည်မှုနှင့် ဆန္ဒကို ကောက်ခံရာတွင် ဘတ်ဖက်၏ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံကြလိုသူများ များသည်ဟု သိရသည်။ “လူသာ အဓိကကျသည်” ဟူသော ဘတ်ဖက်၏ စကားကို ဘတ်ဖက်ကိုယ်တိုင် လိုက်နာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများကို အကျိုးအမြတ် အများဆုံး ရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ် ၂၀ ကျော်က ဒေါ်လာ ထောင်ဂဏန်းဖြင့် ဘတ်ဖက် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့သူများသည် ယခုအခါ သန်းကြွယ် သူဋ္ဌေးကြီးများ ဖြစ်လျက် ရှိနေကြပါသည်။

ရေးသားသူ - ဒေါက်တာနေဇင်လတ်
By HR Journal Originally posted 28/02/2011 21:45PM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform