စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

Quality ကွာလတီ

တစ်ခုသော အဖွဲ့အစည်း တစ်ခုတွင် ဌာနအကြီးအကဲ ဖြစ်သူ၏ ကြုံးဝါးနေကျ စကားတစ်ခု ရှိသည်။ မကျေနပ်တိုင်း ခင်ဗျားတို့ကို အလုပ်ဖြုတ်ပစ်မယ်ဟူသော စကားဖြစ်သည်။  စကားစကား ပြောပါများ စကားထဲက ဇာတိပြလာသည်။ ခင်ဗျားတို့ကို အလုပ် ဖြုတ်ပစ်မယ် ဟူသော စကားတွင် အဓိပ္ပာယ်များစွာ ပါသည်။ ကိုယ့်ကို အလုပ် ဖြုတ်ပစ်လိုက်ခြင်းကြောင့် သူ့မှာ အလုပ်ပြုတ်သွားစရာ အကြောင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ကြိမ်းပရဲခြင်း ဖြစ်တန်ရာသည်။ အလုပ်ဖြုတ်ပစ်မည်ဟု ကြိမ်းခံရသော ဝန်ထမ်းများကလည်း တစ်ချိန်မဟုတ်တစ်ချိန် မိမိနှင့် မတည့်သော တစ်နေ့တွင် “နှပ်ကြောင်းဆွဲ၊ ရမယ်ရှာ” ခံရနိုင်သည့် သဘောကို “ကြိုတင်မဲ” သဘောအရ သိလာသောကြောင့် (ကြိုတင်မဲဆိုသည် လူမိုက်ဆန်ဆန် ကြိုတင်ပြီး မဲလေ့ရှိခြင်းကို ရည်ညွှန်းပါသည်။) အလျှိုအလျှို အကြောင်းပြချက် မျိုးစုံဖြင့် အရည်အချင်းရှိသော လူများမှ စတင်ပြီး ဦးဆောင် ထွက်ကြပါတော့သည်။

အရည်အချင်းရှိသော လူများ ထွက်သွားကြသည်မှာလည်း အလွန်ကောင်းသည်။ အကြောင်းမှာ အုပ်ချုပ်မှု ရှုထောင့်မှ ကြည့်မည်ဆိုလျှင် အုပ်ချုပ်ရလွယ်သောကြောင့် ဖြစ်သည်။ အုပ်ချုပ်ရေး ရှုထောင့်မှ လေ့လာမည်ဆိုလျှင် ကွာလတီ ပြည့်လာသည်ဟုလည်း ဆိုသူရှိသည်။ ဘာကွာလတီလည်း ဆိုတော့ နိုင်နင်းစွာ အုပ်ချုပ်နိုင်သော ကွာလတီဟု ဆိုသူက ဆိုပါသည်။ အဓိပ္ပာယ် ဖွင့်ပေးသူကလည်း မရှက်မကြောက် ဖွင့်ပေးကြသည်။ လုပ်ငန်းခွင်များတွင်လည်း ကွာလတီနှင့် ပတ်သက်လာလျှင် မည်သူတွင် တာဝန်ရှိသနည်းဟူသော မေးခွန်းများ မကြာခဏ မေးတတ်ကြသည်။ မန်နေဂျာတွေကတော့ လက်အောက်ခံ ဝန်ထမ်းများအပေါ်တွင်သာ အပြစ်ဖို့ကြသည်။ သူတို့မှာ တာဝန်ရှိသည်ပေါ့ လက်ညှိုးထိုးကြသည်။ သို့သော်လည်း လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းကတော့ ကိုယ့်ဘက်ကို ထိုးပြနေကြသည်။ လက်မကတော့ အထက်ဘက်က ထောင်ပြနေကြသည်။ လက်ညှိုး တစ်ချောင်းလောက်နှင့် အပြစ်ဖို့နေကြသော ကွာလတီ ပြဿနာ ဖြစ်သည်။ ကျန်လက်ချောင်းများကတော့ မသိကျိုးကျွန် ပြုနေကြသည်။

လက်ညိုးဆိုမှတော့ အမှန်မဖြစ်နိုင်တော့၊ “ငြိုးသောလက်သာ ဖြစ်သည်။” အပြစ်ဖို့သော လက်သာ ဖြစ်သည်။ အပြစ်ရှိသူက ညွှန်သောလက် မဖြစ်နိုင်။ လုပ်ငန်း အဖွဲ့အစည်းများတွင် ထို “ငြိုးသောလက်” ဖြင့် အသုံးပြုနေသရွေ့ ကွာလတီဆိုတာလည်း မျှော်လင့်လို့ မရနိုင်ပါ။ ဆင်းရဲသော အဖွဲ့အစည်းများကို ကြည့်လျှင် လက်ညှိုးထားတာ အလွန်များသည်။ ဝန်ခံတယ်ဆိုတာ မရှိကြ၊ လွှဲချဖို့လောက်၊ လိမ်ဖို့လောက်သာ တာစူကြသည်။ လွဲချဖို့၊ လိမ်ဖို့လောက်သာ လုံးပမ်း ကြိုးစားနေသော အဖွဲ့အစည်းမျိုးတွင် ကွာလတီဆိုတာလည်း မရှိနိုင်။ အဓိကမှာ ကွာလတီ မရှိလျှင် လူများ မယုံရဲခြင်း ဖြစ်လာပါတော့သည်။ လူများသည် ကွာလတီရှိမှသာ ယုံကြည်ခြင်းသည် တည်ရှိလာသည်။ ကွာလတီအတွက် မည်သူမှာ တာဝန်ရှိသလဲ ဟူသော မေးခွန်းကို ကွာလတီနှင့် ပတ်သက်မှုနှင့် လေ့လာသူ ပညာရှင် W. Edwards Deming ကတော့ ကွာလတီနှင့် ပတ်သက်လာလျှင် ၈၅ ရာခိုင်နှုန်းသည် စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် သဘောကို တင်ပြခဲ့ဖူးသည်။

ကွာလတီနှင့် ပတ်သက်ပြီး ခဏခဏ ပြင်ဆင်နေရခြင်းလည်း ကွာလတီတွင် ပါဝင်သည်ဟု ဆိုချင်သည်။ “ပျက်အစဉ် ပြင်ခဏ” ဆိုသည့် သဘောထက်၊ “ပျက်အစဉ် ပြင်ခဏခဏ” ဖြစ်နေသည့် သဘောကို ဆိုလိုပါသည်။ လူမှုရေးဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ လိုအပ်သလို ပြောင်းလဲ တိုးတက်နေရမည် ဖြစ်သော်လည်း ပြောင်းလဲ တိုးတက်နေရမည်ဟူသော သဘောနှင့် ခဏခဏ ပြောင်းနေရသော သဘောကို နားလည်ရန် လိုအပ်သည်။ ပြောင်းလဲ တိုးတက်နေရခြင်းတွင် ဖြစ်စဉ် (Process) ပါဝင်ပါသည်။ ခဏခဏ ပြောင်းနေသော သဘောတွင် ဖြစ်စဉ် မပါဝင်ပါ။ အမြဲတမ်း “တစ်” က ပြန်စနေရခြင်း ဖြစ်သည်။ ယင်းသည် ကွာလတီ မရှိသည့် သဘောဖြစ်သည်။ ကွာလတီရဖို့ ဆိုသည်မှာလည်း အတော် တည်ဆောက်ယူရသည်။ ကွာလတီကို ဖျက်ဆီးမည် ဆိုလျှင်လည်း အဆင့်ဆင့် စနစ်တကျ ဖျက်ဆီးရသည့် သဘောရှိသည်။ ဆိုလိုသည်မှာ ကွာလတီ သဘောတွင် အရေအတွက် သဘောထက် အရည်အသွေး သဘောကို ပိုဆောင်သောကြောင့် ဖြစ်သည်။

ဥပမာ- လူတစ်ဦး၏ အရည်အချင်း ကွာလတီကို ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားတတ်မှု တစ်ခုတည်းနှင့် တိုင်းတာသည် ဆိုပါစို့၊ ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားတတ်အောင် အတွက် အဆင့်ဆင့် တည်ဆောက်ယူရပါသည်။ သိက္ခာဆိုတာ ဘာလဲ၊ ချိုနှင့်လားဟူသော သဘောရှိလျှင် ကွာလတီကို မည်သို့မျှ တည်ဆောက်နိုင်မည် မဟုတ်ပါ။ စည်းကမ်းရှိခြင်း သဘောလည်း အတူတူပင် ဖြစ်သည်။ စည်းကမ်း မရှိသူများ၊ ကတိမတည်သူများသည်လည်း ကွာလတီသဘောကို နားလည်မည် မဟုတ်ပါ။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာတွင် ရုပ်ဝတ္တု ပစ္စည်းများဖြင့် တည်ဆောက်၍ မရသော သဘော ရှိသည်။ ကွာလတီဖြင့်သာ တည်ဆောက်ရသည်ဟု ဆိုချင်သည်။ စည်းကမ်းမရှိသော တိုင်းပြည်အတွက် ကွာလတီတန်ဖိုးက နားလည်မည် မဟုတ်ပါ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း၊ လူမှုရေးစည်းကမ်း၊ ကျင့်ဝတ် စသည် စသည် များစွာတို့သည် တိုင်းပြည် တည်ဆောက်ရေးတွင် အလွန် အရေးပါလှသည်။ စည်းကမ်းကို မည်မျှ တန်ဖိုးထားခြင်းအပေါ် မူတည်ပြီး ကွာလတီ အရည်အချင်းလည်း တက်လာပါသည်။ ထိုအရည်အချင်း တက်လာသည်နှင့်အမျှ တိုင်းပြည်လည်း တိုးတက်လာမည် ဖြစ်ပါသည်။

လူမှုရေးဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ ကွာလတီကို ဘယ်လိုတိုင်းမလဲ ဟူသော မေးခွန်း ရှိပါမည်။ ကွာလတီသည် အပြည့်စုံဆုံးနည်း (Absolute Advantages) ဖြင့် တိုင်းတာ၍ မရနိုင်ပါ။ နှိုင်းယှဉ်အကျိုး (Comparative Advantages) အားဖြင့်သာ တိုင်းရမည်သာ ဖြစ်သည်။ ဘယ်အဆင့်ရောက်မှ ကွာလတီမီသည် ဟူသော စကားထက် နှိုင်းယှဉ်ခြင်းဖြင့်သာ သိနိုင်မည် ဖြစ်သည်။ အနူတော လူချော မင်းမူခြင်း၊ အနှစ်မရှိသည့်တော ကြက်ဆူပင် မင်းမူခြင်းတို့ သဘောဖြစ်သည်။ မမြင်ဖူးသူများသည်လည်း မူးချောင်းကို မြစ်ထင်တတ်ခဲ့သည့် သဘောများသည် ကွာလတီ သဘောတရားတွင် ပါဝင်နေပါသည်။ ကွာလတီကို နှိုင်းယှဉ် အကျိုးတရားအားဖြင့် နှိုင်းယှဉ်နိုင်သလို ကွာလတီကိုလည်း အပြစ်အနာ ကင်းသည်ထက် ကင်းအောင် လုပ်နိုင်ခြင်းသည်လည်း ကွာလတီမည်သည် ဆိုသည့်သဘောကို ဂျပန်တို့၏ အတွေ့အကြုံအရ တင်ပြခဲ့ကြသည်။ ဂျပန်တို့သည် ကွာလတီနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိ မခံနိုင်သူများ အဖြစ်လည်း နာမည်ကြီးကြသည်။ ပြီးတော့ ကိုးရီးယားလည်း ပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံပင်လျှင် ကွာလတီကို တတ်နိုင်သမျှ ထိန်းကြသည်။ ဂျပန်တို့သည် သားရေထိုင်ခုံ တစ်ခုတွင် အပေါက်တစ်ခု တွေ့လျှင် ထိုအပေါက်အပြဲကို ဖာလိုက်ရင် ပြီးတာပဲဟူသော သဘောထက် အပေါက်အပြဲ ဖြစ်ရခြင်း အကြောင်းကို ဘာကြောင့်လဲဟူသော မေးခွန်းများစွာဖြင့် အဖြေရှာလေ့ ရှိကြသည်။

  • ဘာကြောင့် ဒီသားရေထိုင်ခုံရဲ့ ဒီနေရာမှ အပြဲ ဖြစ်သွားသလဲ၊ ဆိုင်ကိုရောက်မှ ဖြစ်တာလား၊ အရင်ကတည်းက ပါလာတာလားဟူသော မေးခွန်း
  • စက်ရုံက ရောက်လာတဲ့ ဒီသားရေထိုင်ခုံကို ဒီအပျောက်အပြဲပါမှန်း ဘာကြောင့် မစစ်ဆေးဘဲ ဆိုင်က လက်ခံလိုက်တာလဲ ဟူသော မေးခွန်း
  • စက်ရုံကလည်း ဒီအပေါက်အပြဲကို မစစ်ဆေးဘဲနဲ့ ဆိုင်ကို ပို့လိုက်တာလဲ ဟူသော မေးခွန်း
  • စက်ရုံမှာရော ဒီလို အပျက်အစီးတွေကို စစ်ဆေးတဲ့လူတွေ၊ စက်တွေနဲ့ မစစ်ဆေးကြဘူးလား ဟူသော မေးခွန်း
  • စစ်ဆေးမည့်လူများ မရှိလျှင် ဘာလို့ မခန့်တာလဲဟူသော မေးခွန်း
  • စစ်ဆေးမည့်စက် မရှိသေးလျှင်လည်း ဘာလို့မဝယ်သေး၊ မစစ်ဆေးခိုင်းတာလဲ ဟူသော မေးခွန်းများဖြင့် ပြန်လည်ဆန်းစစ်လေ့ ရှိပါသည်။


ကျွန်တော်တို့ဆီမှာတော့ အပေါက်အပြဲ ပါလာလျှင်၊ လက်သည်မပေါ်လျှင် ဖာရင်ဖာမည်။ ဝယ်သူကိုလည်း လျော့ရောင်းတန် ရောင်းလိုက်မည်သာ ဖြစ်သည်။ အပြစ်ရှာမနေစမ်းပါနဲ့ကွာ ဟူသော စကားကို ပြောလေ့ရှိသည်။ အပြစ်ကိုပင် အရစ်ဟု ထင်နေကြသည်။ ဂျပန်မူလီလို အရစ်ရှည်သည်ဟု သဘောထားသည်။ ဆိုလိုချင်တာကတော့ ကျွန်တော်တို့သည်ကွာလတီကို မကြိုက်သည့် သဘောများလားဟူသော သံသယပင် ဝင်မိသည်။ အထက်ကဆိုခဲ့သလို ငြိုးသော “လက်ညိုးဖြင့်” ဖြင့် အပြစ်မရှာဘဲ ကောင်းသည်ထက် ကောင်းစေလိုသော ရည်ရွယ်ချက်ဖြင့် အပြစ်ရှာနိုင်မှသာ ကွာလတီတက်မည် ဖြစ်သည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
By Opportunity Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform