လူတစ်ယောက် အောင်မြင်မှုကို ဘာနဲ့ တိုင်းတာမှာလဲ။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံ ဂုဏ်ထူးတွေနဲ့ အောင်တာလား။ ဆေးကျောင်း တက်နိုင်တာလား။ ရရှိထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့လား။ ပညာအခြေခံဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဆိုတာနဲ့ ဆက်စပ်နေတာတော့ မှန်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ် ဆိုတာတော့ သဘောပေါက်မယ် ထင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းခံနေစရာ မလိုဘူး။ စာမေးပွဲလည်း ဖြေစရာ မလိုဘူး။ စာတမ်းလည်း တင်စရာမလိုဘူး။ အင်တာဗျူးလည်း ဖြေစရာ မလိုဘူး။ ဟိုဟာ လုပ်ပါလား၊ သည်ဟာလုပ်ပါလားလို့ ဘယ်သူကမှ သြဇာပေးတာကိုလည်း နာခံစရာ မလိုဘူး။ ဘယ်သူ့ချီးမွမ်းတာမှလည်း ခံစရာမလိုသလို၊ အပြစ်တင်တာကို မှုစရာမလိုဘူး။ အင်္ဂလိပ်စာလုံးမှာ “entrepreneur” ဆိုတဲ့ စကားလုံးဟာ “စီးပွားရေး စွမ်းဆောင်ရှင်” “စွန့်ဦးတီထွင် လုပ်ငန်းရှင်” ကို ခေါ်ပါတယ်။ အင်္ဂလိပ်လို “Risk-taking business person” လို့ ဖွင့်ဆိုကြတယ်။
ရိုးရိုးအလုပ် လုပ်ပြီး အောင်မြင်လာတာကို ပြောတာ မဟုတ်ဘူး။ စွန့်စွန့်စားစား ဆုံးဖြတ်ချက်တွေနဲ့ သူများမလုပ်နိုင်တာ၊ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြီး အောင်မြင်လာသူတွေကို ခေါ်ပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာ သူများလစာပေးတာယူပြီး အလုပ် လုပ်နေသူတွေကို ပြောတာ မဟုတ်ဘူး။ ကိုယ်ပိုင် အလုပ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ငွေ (မရှိလည်းချေးငှား) နဲ့ လုပ်ကိုင်နိုင်သူတွေကိုသာ လုပ်ငန်းရှင်တွေလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသွားတက်ပြီး ဘွဲ့ရလာတာနဲ့ လုပ်ငန်းရှင်ဖြစ်ဖို့ မလွယ်ပါဘူး။ ကျောင်းမပြီးသေးဘဲ လုပ်ငန်းရှင် ဖြစ်နေတာတွေ၊ ဘွဲ့မရဘဲ လုပ်ငန်းရှင် ဖြစ်နေတာတွေလည်း အများကြီးရှိပါတယ်။ အောင်မြင်ချင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ရင် အချက်တွေအများကြီး လိုက်နာနေစရာ မလိုပါဘူး။ ၆ ချက်ထဲ လိုက်နာရမှာပါ။ ကြိုးစား ကြည့်စေချင်ပါတယ်။ လူတိုင်းက အောင်မြင်ကြီးပွားလိုစိတ် ရှိတယ်လို့ထင်ရင် မှားမယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား ဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ တိုးတက်အောင်မြင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ မှတ်ထားစေချင်တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်စမ်းပါ။ တစ်ပတ်မှာ နာရီ ၇၀ လောက် အလုပ် လုပ်ခဲ့သလား။ အလုပ်ကို မလုပ်ရ မနေနိုင် ဖြစ်ခဲ့ဖူးသလား။ အလုပ်မရှိရင် နေမကောင်းချင်သလို ဖြစ်ဖူးသလား။ အဲဒီလိုလူမှ တိုးတက်ကြီးပွား အောင်မြင်လိုစိတ် ရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ အချို့က အချိန်ကို စောင့်တယ်။ အချိန်မကျသေးလို့ စောင့်နေပေမဲ့ သူတို့စိတ်ထဲ၊ အသွေးအသားထဲမှာက အောင်မြင်ကြီးပွားလိုစိတ်တွေ ရှိနေတယ်။ အခြေအနေပေးရင် ချက်ချင်းအောင်မြင်အောင်လုပ်ဖို့ သူတို့ အသင့်ပြင်ထားကြတယ်။ ရိုးရိုးစွမ်းအား မဟုတ်ဘူး။ တီထွင် ဖန်တီးနိုင်စွမ်းရှိဖို့ ပြောတာ။ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားဆိုတာ ပန်းချီကား တစ်ချပ်ကို ဆွဲတာမျိုး၊ အချစ်သီချင်းတစ်ပုဒ်ကို ဖန်တီးတာမျိုးနဲ့ မတူဘူး။ ဈေးကွက်ကို ဘယ်လို ဖောက်ရမလဲ၊ ဘယ်လိုစီ မံခန့်ခွဲမှုတွေ လုပ်ရမလဲ၊ ငွေကို ဘယ်လိုရင်းနှီး မြှုပ်နှံရမလဲ ဆိုတာတွေအတွက် စွမ်းအားတွေကို ပြောတာ။
ဘယ်စီးပွားရေးကျောင်းကမှ ဒီလို ဖန်တီးနိုင်တဲ့ စွမ်းအားမျိုးကို သင်ပေးလိုက်နိုင်မှာ မဟုတ်ဘူး။ အစွမ်းအစဆိုတာ “ကိုယ်စွမ်းကိုယ်စ” ကို ပြောတာ။ ကိုယ်လုပ်မှ ကိုယ်ရမယ့် အစွမ်း၊ လုပ်ငန်းခွင်အတွက် ဆောင်ရွက်နိုင်စွမ်းရှိဖို့ ပြောတာ။ ဇွဲရှိတယ်၊မရှိဘူးဆိုတာ အလုပ်နဲ့သက်သေ ပြရတာမျိုးပါ။ မလုပ်ဘဲ မသိနိုင်တာလို့လည်း ပြောနိုင်တယ်။ လုပ်ငန်းကို ခုမှ စလုပ်တယ်။ အမှားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ အမှားတွေကို ပြင်သွားတယ်။ စီးပွားရေး မကောင်းဘူးလို့ ပြောတယ်။ သူ့နည်း သူ့ဟန်နဲ့ ဖောက်ထွက်တယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာက ပင်ကိုယ် အရည်အသွေးလို့လည်း ပြောနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ ဇွဲသန်ရင် အောင်မြင်မှာ ကျိန်းသေတယ်။ စီးပွားရေး လုပ်တယ်ဆိုတာ စွန့်စားရတာပဲ။ အရှုံးနဲ့အမြတ် တစ်ခုခုအတွက် စွန့်စားရတယ်။ မြတ်မယ်လို့ ကျိန်းသေတွက်ပြီး လုပ်လို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ စတင် စွန့်စားရတယ်။ အဆောက်အအုံ ငှားရတယ်။ ဝန်ထမ်းတွေ ခေါ်ရတယ်။ ကွန်ပျူတာတွေ၊ ပရိဘောဂတွေ တပ်ဆင်ရတယ်။
အလုပ် လုပ်မယ်ဆိုကတည်းက ရင်းနှီးမှုတွေနဲ့ စတင် စွန့်စားရတယ်။ ငွေမရှိရင်ငွေချေးသင့် ချေးရတယ်။ အိမ်ပေါင်၊ တိုက်ပေါင်၊ ကားအပေါင်တွေ ထားကောင်းထားရတယ်။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုပ်တတ်သူတွေ ရှိသလို၊ ဖြစ်ချင်သလို ဖြစ်အောင် တွက်ဆ လုပ်တတ်သူတွေလည်း ရှိတယ်။ ဒါပေမဲ့ဘယ်သူမှ ကျိန်းသေ အကျိုးအမြတ် တစ်ခုတည်း တွက်ထားလို့ မရဘူး။ အောင်မြင်မယ် မအောင်မြင်ဘူး မသိနိုင်ဘူး။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဒါတွေကို ကျောင်းတွေက မသင်ပေးနိုင်ဘူး။ လူတိုင်းသိနိုင်တဲ့ အသိတရားတော့ မဟုတ်ဘူး။ ဘာလုပ်ရင် ဘာဖြစ်မယ်၊ ဘယ်လိုပြောရင် ဘယ်လိုရမယ်၊ ဘယ်သူနဲ့ပေါင်းရင် ဘယ်လို ကောင်းမယ်ဆိုတဲ့ အသိတရားမျိုးကို ပြောတာ။ နာမည်ကျော် Apple ကုမ္ပဏီရဲ့ လုပ်ငန်းရှင်ကြီး စတိဂျော့ရဲ့ အမြင်မျိုးကို ပြောတာ။ လူတွေ ဘာတွေလိုအပ်နေသလဲ။ ဘာတွေ ထုတ်ပေးရ မလဲ။ ဘာတွေ ကြိုက်နိုင်သလဲ။ သူကအမြဲ လူတွေရဲ့ လိုအပ်ချက်တွေကို ထိုးထွင်းသိမြင်နေတာကြောင့် သူတီထွင် ထုတ်လိုက်သမျှ အောင်မြင်မှုတွေရသွားတာ များတယ်။ ကမ္ဘာကျော် အတော်များများဟာ ဘွဲ့မရခဲ့တဲ့သူတွေဆိုတာ လေ့လာကြည့်ရင် သိနိုင်တယ်။ ဥပမာ ဘေဂိတ်စ်တို့၊ စတိဂျော့ တို့လို ပုဂ္ဂိုလ်မျိုးတွေပေါ့။ တကယ့်ကို စိတ်ရှည်၊ ဇွဲသန်၊ သည်းခံပြီး ရုန်းကန် တက်လာရသူတွေပါ။
ကိုယ်ရည်ကိုယ်သွေး ဆိုတာ ကြိုးစားချင်တဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ အကောင်းမြင်စိတ်၊ သည်းညည်းခံစိတ်၊ ဘေးအန္တရာယ်ကို အောင်မြင်အောင် ကျော်လွှားလိုစိတ် ရှိသူတွေကိုလည်း ဆိုလိုပါတယ်။ ပြောခဲ့တဲ့ အချက်တွေဟာ သိပ္ပံနည်းကျ လေ့လာစူးစမ်း သုံးသပ်ချက်တွေလည်း မဟုတ်ပါဘူး။ ခိုင်မာတဲ့ သက်သေပြ ချက်တွေနဲ့ သီအိုရီတွေလည်း ထုတ်မပြနိုင်ပါဘူး။ ဒါပေမဲ့ ဘဝမှာတကယ့်ကို အောင်မြင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ကြည့်လိုက်ရင် အဲဒီအချက်တွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါလိမ့်မယ်။ အခြားအချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အခြေခံကနေစပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင် မဖြစ်နိုင် ဆန်းစစ်ကြည့်စေချင်ပါတယ်။
<p>မြင့်မိုးအောင်</p> <p>Ref : Six Attributes of Successful</p>
Entrepreneurs, by Jay Goltz
By Smart News Originally posted 04/05/2012 11:37AM
0 comments:
Post a Comment