စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် မှီခိုအားထား နေရခြင်း သို့မဟုတ် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု

အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် မှီခိုအားထား နေရခြင်း သို့မဟုတ် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု

“အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ” ဟူသော မြန်မာစကားပုံ တစ်ခုရှိသည့် အားလျော်စွာ လူတိုင်း ကိုယ်စီကိုယ်င မိမိတို့၏ စားဝတ်နေရေး အတွက် အသက်မွေး ဝမ်းကျောင်းကြရန်  အသက်မွေးမှု အတတ်ပညာ တစ်ခုစီ ကျွမ်းကျင်တတ်မြောက် ကြရပါသည်။ ငယ်စဉ်က ပညာသင်ကြား ခဲ့ရာတွင် လည်းကောင်း၊ အရွယ်ရလာသည့် အခါ အလုပ်အကိုင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာတွင် လည်ကောင်း၊ ကံ၊ ဉာဏ်၊ ဝီရိယအပေါ် မူတည်၍ တစ်ဦးနှင့် တစ်ဦး ဘဝတိုးတက်မှု ကွာခြားလာသည်ကို စာဖတ်သူများ သိပြီးဖြစ်ပါသည်။ လူတို့သည် လုပ်ခ/ လစာဖြစ်သော ပုံမှန်ဝင်ငွေ ရရှိရေးကို မျှော်မှန်းလျက် အလုပ်တစ်ခုခုကို ဝင်ရောက် လုပ်ကိုင်ရသည်မှာ ဘဝပေး တာဝန်တစ်ခုပင် ဖြစ်ပါသည်။

ဤသို့ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အမျိုးမျိုးသည် အလုပ်လုပ်သူတို့၏ မှီခိုအားထားရာ အမှန်ဖြစ်ပါသည်။ ဝန်ထမ်းများ အနေဖြင့် ဝင်ရောက် လုပ်ကိုင်သည့် အလုပ်ကို တာဝန်ယူ ထမ်းဆောင်ခြင်းဖြင့် လုပ်ခ၊ လစာနှင့် အခြားအကျိုးများ (Benefits) ရရှိသော်လည်း တစ်ဖက်တွင် ထိုအသက်မွေးဝမ်းကျောင်း အလုပ်ကပင် မိမိအား စိတ်ဖိစီးမှုများ ပေးရာ အခြေခံအကြောင်းများ သို့မဟုတ် ဇာစ်မြစ်တစ်ခု ဖြစ်နေသည်ကို တွေ့ရပါသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ မျှော်မှန်းချက်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှု ဇာစ်မြစ်ကို ဖြစ်ပေါ်လာစေသော အဓိက အခြင်းအရာ နှစ်ရပ်ကို အောက်တွင် ဖော်ပြထားပါသည်။

(က) အလုပ်အကိုင် ခိုင်မြဲမှု အာမခံချက် မရှိခြင်း (Lack of job security)
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတတ်ပညာ ရှာဖွေကြပြီးနောက် မိမိနှင့် သင့်တော်မည့် အလုပ်ကို ရွေးချယ်ဝင်ရောက် လုပ်ကိုင်ကြပြီး အလုပ်လုပ်ခြင်းဖြင့် ရသည့် ဝင်ငွေနှင့် မိမိ၏ စားဝတ်နေရေးကို ထိန်းကျောင်းနိုင်စေရေးမှာ လူတိုင်း၏ ပင်မ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ တစ်ဖန် ရရှိထားသည့် အလုပ်အကိုင် အဆင်ပြေ လာသောအခါ အလုပ်ခိုင်မြဲမှု အာမခံချက်ကို လိုလားကြပါသည်။ စီးပွားရေး အခြေအနေ မကောင်းသော ကာလတွင် ကုမ္ပဏီ တစ်ခုအနေဖြင့် ဝန်ထမ်းများကို လျှော့ချရမည့် အနေအထား ကြုံတွေ့လာရပြီ ဆိုပါစို့။ ကုမ္ပဏီရှိ ဝန်ထမ်းများသည် ၎င်းတို့ အလုပ် ရပ်စဲခြင်း ခံရမည်ကို စိုးရိမ်ထိတ်လန့် ကြရပါသည်။ အလုပ်လက်မဲ့ ဖြစ်ရမည့် ဝန်ထမ်းများအဖို့ နောက်ထပ် အလုပ်အကိုင်သစ် ရရှိအောင် ရှာဖွေရမည့် ဒုက္ခကို တွေး၍ ပူပင်နေရမည် ဖြစ်သည်။

ကုမ္ပဏီ တစ်ခုတွင် ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့ လာရသောကြောင့် မလွှဲမရှောင်သာ ဝန်ထမ်းအချို့ကို အလုပ်မှ ရပ်စဲရတော့မည်ဟု ရိုးတိုးရိပ်တိပ် သတင်းစကား ထွက်လာချိန်၊ နောက်ဘယ်ဌာနမှ ဘယ်နှယောက်ပါမည် စသည်ဖြင့် အမည်စာရင်း တိကျစွာ မကြော်ငြာသေးမီ အချိန်တွင် ဝန်ထမ်းတို့၏ ခံစားရသော စိတ်ဒုက္ခကို ကိုယ်ချင်းစာနာ တတ်သူတိုင်း ခံစားနားလည် ကြပါသည်။ မည်သို့ဆိုစေ ဝန်ထမ်းတိုင်းသည် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိပါက အနုတ်လက္ခဏာ ဆောင်သော သို့မဟုတ် စိတ်သောက ရောက်စေသော ဆိုးကျိုးတစ်ရပ် ကြုံတွေ့ပါ၏။ ထို့ကြောင့် အလုပ် လုပ်သူတိုင်း လုပ်ငန်းခွင်တွင် အဆင်ပြေစွာ အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအပြင် အလုပ်အကိုင်ကို စိတ်ချလက်ချ ခိုင်မြဲစွာ ရေရှည်လုပ်ကိုင် နိုင်ရေးမှာ အရေးကြီးကြောင်း တွေ့ရပါသည်။

(ခ) မျှော်မှန်းထားသည့် ရာထူးနှင့် လုပ်နေရသည့် နေရာ မအပ်စပ်ခြင်း သို့မဟုတ် လိုက်ဖက်မှု မရှိခြင်း (Status Incongruity)
ဝန်ထမ်း လောက၏ အတွေ့အကြုံအရ အောက်ခြေ ရာထူးနေရာများတွင် ပညာအရည်အချင်း အရလည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံတို့ အရလည်းကောင်း အလုပ်အကိုင် ရာထူးနေရာများ လစ်လပ်မှု၊ နေရာတိုးချဲ့မှုတို့ ရှိလာသောအခါ လက်ရှိ လုပ်ကိုင်နေသော ဝန်ထမ်းများ တစ်ဆင့်ပြီးတစ်ဆင့် ရာထူး တိုးတက်လေ့ ရှိပါသည်။ ဝန်ထမ်းများ အနေဖြင့် အလုပ်စတင် ဝင်ရောက်စဉ်က မိမိလုပ်ကိုင်လိုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို မည်သို့မည်ပုံ တိုးတက် လာရမည်ဟု ခိုင်မာသော ရည်မှန်းချက် ချထား တတ်ပါသည်။ သို့ရာတွင် လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေရသော ရာထူးနေရာနှင့် နောင်ရာထူးတက်ရန် အခွင့်အလမ်း နည်းပါးခြင်းကို နှိုင်းယှဉ် သိရှိရသောအခါ အခြေအနေသည် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု ဖြစ်လာပါသည်။

ဝန်ထမ်းတစ်ဦးသည် မိမိလက်တွေ့ တာဝန် ထမ်းဆောင်ရသည့် ရာထူးနေရာသည် “ဆက်မတက်နိုင်တော့သည့် ရာထူး” သို့မဟုတ် “ရပ်တန့်နေရသည့် ရာထူး” သို့မဟုတ် “ကျောက်ချရတော့မည့် ရာထူး” ဟု ခံစားသိမြင်သော အချက်သည် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခုပင် ဖြစ်၏။ ဥပမာ - ကုမ္ပဏီ တစ်ခုတွင် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းလာခဲ့သည့် “လက်ထောက် မန်နေဂျာ” တစ်ဦးသည် အသက်အရွယ် အရလည်းကောင်း၊ ပညာ အရည်အချင်း အရလည်းကောင်း နောက်ထပ်ရာထူး ဆက်မတက် နိုင်တော့ဘဲ ဤရာထူး Position မှာပင် ရပ်နေရမည့် အနေအထား ဖြစ်ပါသည်။ ၎င်းအနေဖြင့် “မန်နေဂျာ” ရာထူးသို့ ရာထူးတိုးမြင့် (Promotion) ရယူလိုသည်။ ဖြစ်နိုင်ပါက ထိုထက်မြင့်သော ရာထူးကို ရရှိရန် မျှော်မှန်းထားသူ ဖြစ်သောကြောင့် အဆိုပါ လက်ထောက် မန်နေဂျာမှာ စိတ်ဆင်းရဲခြင်း ကြုံတွေ့ရပါသည်။

ယေဘုယျအားဖြင့် အကြောင်း အမျိုးမျိုးကြောင့် ရာထူးတက်ရန် အခွင့်အလမ်း မရှိတော့ဘဲ လက်ရှိရာထူး နေရာဖြစ်သည့် “ရပ်တန့်နေရသည့် ရာထူး” သည် မိမိမျှော်မှန်းထားသည့် ရာထူးထက် အဆင့်နိမ့်နေသည်ဟု သိသာစွာ ခံစားလာရခြင်းသည် စိတ်ဖိစီးမှုကို စတင်စေခြင်းပင် ဖြစ်ပါသည်။ ရာထူးတက်ခြင်း၊ ရပ်တန့်ခြင်း စသည့် ဝန်ထမ်းရေးရာ ကိစ္စများကို ဆွေးနွေးခြင်း မပြုမီ အစိုးရဌာန သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် ထားရှိကြရသည့် ဖွဲ့စည်းပုံဇယား (Organization Chart) ကို လေ့လာရန် လိုပါသည်။ ယခုအခါ ဝန်ထမ်း အဖွဲ့အစည်း အခင်းအကျင်းကို အထက်အောက် အဆင့်ဆင့် ဖွဲ့စည်းပုံစံ (Hierarchy) ဟု ခေါ်ဝေါ်ကြပြီး ပိရမစ် (Pyramid) ပုံစံကဲ့သို့ အောက်ခြေတွင် ကား၍ အထက်ပိုင်းတွင် ရှူးသွားသည့် ပုံသဏ္ဌာန်မျိုး ဖြစ်ကြောင်း ဝန်ထမ်းစီမံ ခန့်ခွဲရေး တာဝန်ယူသူများ သိထားပြီး ဖြစ်ပါသည်။

ဝန်ထမ်း အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် MD သို့မဟုတ် CEO တစ်ဦးက ဦးဆောင်၍ သူ့အောက်တွင် အထွေထွေ မန်နေဂျာ၊ မန်နေဂျာများနှင့် လက်အောက်ခံ ဝန်ထမ်းများကို အဆင့်များ (Layers) ပိုင်းခြား ဖွဲ့စည်းထားသည့် Hierarchy ပုံစံ ဖြစ်ပေါ် နေပါသည်။ ဤနေရာတွင် စာရေးသူသည် အစိုးရဌာနတွင် အရာရှိငယ် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်စဉ်က ဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအား ဖွဲ့စည်းပုံ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်ကို မှတ်မိနေပါသည်။ ဆရာက “ဌာနဆိုင်ရာ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအရ အောက်ခြေ ဝန်ထမ်းစု အဆင့်များတွင် ဝန်ထမ်းသစ်များ ဖြည့်တင်း ခန့်ထားရာတွင် “ခွင့်ပြုအင်အား” ဦးရေအတော်အသင့် ရှိသဖြင့် အရည်အချင်း မီသူများကို ခန့်ထားခဲ့ကြောင်း၊ သတ်မှတ်ထားသည့် လုပ်သက်နှင့် အရည်အချင်း ရှိသူများအားလည်း အထက်အဆင့်ဆင့် ရာထူးများ လစ်လပ်ခဲ့ပါက ရာထူး တိုးမြင့်ရေးကို စနစ်တကျ ဆောင်ရွက် ပေးလျက် ရှိကြောင်း။

ဝန်ထမ်း ဖွဲ့စည်းပုံသည် ပိရမစ် (Pyramid) ပုံဖြစ်သဖြင့် အထက်ပိုင်းတွင် ရာထူးနေရာများမှာ အကန့်အသတ် ရှိနေကြောင်း၊ ရာထူး တိုးတက်ရေးသည် တောင်တက်ခရီး သွားရသကဲ့သို့ မြင့်မြင့်သို့ တက်ရောက် လိုသူတိုင်း ပို၍ပို၍ ကြိုးစားရမည် ဖြစ်ကြောင်း၊ တောင်ခြေပိုင်းတွင် တက်ရတာ လွယ်သော်လည်း တောင်အမြင့်ပိုင်းတွင် ခက်ခဲစွာ ဇွဲနပဲဖြင့်တက်မှ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ အဆင့်မြင့် ရာထူးနေရာများကို အရည်အချင်း ပြည့်ဝသူများ ကြိုးကြိုးစားစားဖြင့် ရယူနိုင်ပြီး ရာထူး ရရှိလာသောအခါ တာဝန်ကြီးကြီးကို ထမ်းဆောင်ရကြောင်း၊ တောင်ခြေတွင် လိမ့်ကျပါက နာကျင်ထိခိုက်မှု နည်းသော်လည်း တောင်ထိပ်ပိုင်းမှ အဆင်မသင့်၍ လိမ့်ကျပါက ပို၍ အထိနာနိုင်ကြောင်း” ဖွဲ့စည်းပုံ (Organizational Structure) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်ကို မှတ်သားနာယူ ခဲ့ဖူးပါသည်။

လုပ်ငန်း အဖွဲ့အစည်းတွင် အလယ်အလတ်တန်း ဝန်ထမ်းအဆင့် ရှိသော မန်နေဂျာ တစ်ဦးသည် အသက် ၄၀ အရွယ် ရောက်ရှိလာသည့် အခါ တစ်ဖက်တွင် လူ့သဘော စရိုက်အရ အဆင့်မြင့်ရာထူး တိုးမြှင့်လိုချင်သည့် ဆန္ဒ ပြင်းပြလာသည်။ အခြားတစ်ဖက်တွင် အထက်ရာထူးနေရာ လစ်လပ်မှု မရှိသေးခြင်း၊ ရာထူး လစ်လပ်လာသော်လည်း အခြားဌာနမှ ပုဂ္ဂိုလ်တစ်ဦးကို ခန့်ထားလိုက်ခြင်း တို့ကြောင့် အဆိုပါ ဝန်ထမ်းမှာ လက်ရှိရာထူး နေရာတွင် ရပ်တန့် သွားပါသည်။ တစ်နည်းဆိုသော် ၎င်းအတွက် လက်ရှိရာထူး နေရာသည်သာ “မိုင်ကုန်” ရောက်သွားပြီဟု မှတ်ယူ ရပါတော့သည်။ မျှော်မှန်းချက် ကြီးကြီးထားပြီး “တက်နိုင်ရင် ထိပ်ဖျား ရောက်နိုင်တာ” ဆိုသလို ရာထူးတိုးတက် ရယူလိုသူ အမျိုးသား ဝန်ထမ်းများအဖို့ ရာထူး မတက်သဖြင့် ခံစားရသည့် စိတ်ဝေဒနာ မျိုးကို အနောက်တိုင်းတွင် “ယောက်ျား သွေးဆုံးချိန်” (Male menopause) ဟု ခေါ်ဆိုကြပါသည်။

ဤကဲ့သို့ မိမိရာထူး တိုးတက်ရေးအတွက် အဟန့်အတား သဖွယ် ရှေ့မှ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသော အနေအထားတွင် ရာထူး ရပ်တန့်သွားသူ ဝန်ထမ်း (Plateaued employee) အနေဖြင့် ကြိတ်မနိုင် ခဲမရဖြစ်ကာ စိတ်ဖိစီးမှုဒဏ်ကို တအုံနွေးနွေး ခံစားရသည်ကို ဝန်ထမ်းလောကသားများ နားလည်ထားကြပါသည်။ အောက်ခြေ ဝန်ထမ်းအလွှာ (Bottom Layer) တွင်ရှိသော ဝန်ထမ်းများသည် အလုပ်စတင် ဝင်ရောက်စဉ် ကာလအတွင်း ရာထူးအဆင့်ဆင့် တိုးတက်မှု မြန်ဆန်ခဲ့ရ သော်လည်း နောက်ပိုင်း အသက်အရွယ် ရလာလေလေ လက်ရှိရာထူးက မတက်လေလေ ဖြစ်လာပါသည်။ အသက် ၆၀ နားနီး၍ အငြိမ်းစားယူရန် ကာလ တဖြည်းဖြည်း နီးလာပါက စိတ်ခံစားမှု ပိုမိုပြင်းထန်ကာ မကျေနပ်မှု ဖြစ်ပေါ်ရသည်မှာ ဓမ္မတာပင်။

အထက်ပါ အခြေအနေမျိုးကို စီမံခန့်ခွဲရေးအဖွဲ့ (Management) မှ ဖွဲ့စည်းပုံကို ပြုပြင်ခြင်း (Reorganization) ဖြင့် ကုစား နိုင်ပါသည်။ ဝန်ထမ်းဖွဲ့စည်းမှု Hierarchy အဆင့်ကို လျှော့ချခြင်း သို့မဟုတ် ဒေါင်လိုက်အဆင့်မှ အလျားလိုက် အဆင့်သို့ အသွင်ပြောင်းစေခြင်း ဖြစ်သော မတ်စောက်သော ပိရမစ်ပုံစံအစား ပြားချပ်သော ပိရမစ်ပုံစံသို့ ပြောင်းစေသည့် သဘောပင် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံကို အဆင့်များ လျှော့ချခြင်းဖြင့် ပြားချပ်သော ဖွဲ့စည်းပုံ (Flat Organization) တစ်ခု အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် လိုလာပါသည်။ ဝန်ထမ်းအဆင့်အလွှာများ လျှော့ချလာခြင်းဖြင့် လက်ရှိဝါရင့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံ ပိုမို လိုအပ်ပါသည်။ စီမံခန့်ခွဲမှုပိုင်းတွင် ဗဟို ထိန်းချုပ်မှု အဆင့်များ လျှော့ချလာရမည် ဖြစ်ပြီး ဝန်ထမ်းများတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်မှု အခွင့်အာဏာများကို ပိုမိုအပ်နှင်းရန်လည်း လိုအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဝန်ထမ်းများတွင် ရာထူးတိုးမြှင့်ရေး အပါအဝင် မိမိဘဝ တိုးတက်ရေးကိုသာ အရိုးစွဲလျက် ရှိပါသည်။ မည်သို့ပင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲ၍ ရာထူးအဆင့်အတန်း မည်သို့ ပြောင်းလဲ သတ်မှတ်စေကာမူ ဝန်ထမ်းများ၏ မျှော်မှန်းချက်နှင့် လက်ရှိရာထူးတို့ မလိုက်ဖက်ခြင်း၊ အပ်စပ်မှု မရှိခြင်း စသည်တို့အပေါ် မလွှဲမရှောင်သာ ကြုံတွေ့ခံစားရမည် ဖြစ်ပါသည်။ အနာဂတ်တွင် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ကိုင်နေရင်းဖြင့် အလုပ်မျှော်မှန်းချက်နှင့် အံဝင်ခွင်ကျ မရှိသော ပြဿနာများ တိုးမြှင့်လာရန် အလားအလာ ရှိသဖြင့် ပေါ်ပေါက်လာမည့် စိတ်ဖိစီးမှု ဇာစ်မြစ်ကို HR မန်နေဂျာများနှင့် စီမံခန့်ခွဲမှု တာဝန်ရှိသူများ ဂရုပြုနိုင်ရန် လိုအပ်ပါသည်။

ဦးမြင့်သောင်း (သီလဝါ)
By HR Journal Originally posted 26/03/2011 15:38PM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform