စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 28 January 2014

မဟောသဓာဇာတ် အပိုင်း-၉(ရထားခိုးမှု )

တစ်နေ့သ၌ ယောက်ျားတစ်ယောက်သည် မြင်းရထားမောင်းလျက် ထွက်လာသည်။ ထိုစဉ် သိကြားမင်းသည် 'သုခမိန် မဟောသဓာ၏ ပညာဂုဏ်ကို ထင်ရှားသိစေအံ့' ဟု ကြံရွယ်ကာ လူ့ပြည်သို့ ဆင်းလာသည်။ လူယောင်ဖန်ဆင်း၍ ရထားနောက်စွန်းကို ကိုင်လျက် လိုက်လာသည်။ တစ်နေရာသို့ ရောက်သောအခါ ရထားရှင်လည်း ရထားကို ရပ်တန့်သည်။ ကိုယ်လက်သုတ်သင်ရန် ရထားမှ ခေတ္တဆင်းသွားသည်။ ထိုအခါ သိကြားမင်းသည် ရထားကို မောင်းနှင်ထွက်ပြေးလေသည်။ ရထားရှင်လည်း သိကြားမင်းမှန်း မသိ။ ခိုးသူဟု ထင်မှတ်သည်။ "အချင်း ရပ်လော့၊ ရပ်လော့" ဟု ဆို၍ နောက်မှ ပြေးလိုက်သည်။ မီသောအခါ "သင် အဘယ့်ကြောင့် ရထားကို ခိုးယူ ပြေးသနည်း" ဟု ဆို၏။ သိကြားမင်းကလည်း "ဤ ရထားကား ငါ့ရထားတည်း။ သင့်ရထား မဟုတ်" ဟု ဆို၏။ ဤသို့ အငြင်းအခုံ ဖြစ်ကြရာ လူအများ ဝန်းရံလာကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် မဟောသဓာထံ ရောက်လာကြသည်။ မဟောသဓာသည် သူတို့နှစ်ဦးကို ကြည့်ရှုသောအခါ ရထားမောင်းပြေးသူသည် အကြောက်အရွံ့မရှိ။ မျက်တောင်လည်း မခတ်။ သိကြားမင်း လူယောင်ဖန်ဆင်းလာခြင်း ဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် ထင်ရှားအောင် တရားဆုံးဖြတ်မည်ဟု ကြံရွယ်ကာ "အချင်းတို့၊ သင်တို့ရထားကို ငါ၏ လူတစ်ယောက်အား မောင်းနှင်စေမည်။ သင်တို့နှစ်ယောက် ရထားနောက်မြီးကို တစ်ဖက်စီ ကိုင်ဆွဲ၍ လိုက်ကြလော့။ ရထားကို မလွှတ်လျှင် ရထားရှင် ဖြစ်စေ" ဟု ဆို၏။ ထို့နောက် လုလင်တစ်ယောက်အား ရထားကို အပြင်းမောင်းနှင်စေသည်။ ထိုသူနှစ်ယောက်ကိုလည်း ရထားနောက်မြီးကို ဆွဲ၍ လိုက်စေသည်။ အတန်ကြာ မောင်းနှင်သော် ရထားရှင်သည် လူသားဖြစ်သောကြောင့် မောပန်းလာသည်။ ကြာရှည် မတတ်နိုင်။ ရထားကို လက်လွှတ်လိုက်ရသည်။ သိကြားမင်းမူကား မမောမပန်း၊ ရထားနှင့် တစ်ပါတည်း ပါသွားသည်။ ရထားရပ်မှသာ ရပ်လေသည်။ ထိုအခါ မဟောသဓာက ပရိသတ်အပေါင်းအား "အချင်းတို့၊ မောပန်းသဖြင့် ရထားကို လက်လွှတ်လိုက်ရသူသည် ရထားရှင်ဖြစ်သည်။ ရထားနောက် အစဉ်လိုက်နိုင်သူကား လူသားမဟုတ်။ မောပန်းခြင်းလည်း မရှိ။ ချွေးတစ်စက်မျှလည်း မထွက်။ ထွက်သက် ဝင်သက်လည်း မရှူ။ အကြောက်အရွံ့လည်း မရှိ။ မျက်တောင်လည်း မခတ်။ သိကြားနတ် စင်စစ် ဖြစ်သည်" ဟု ရှင်းလင်း ပြောပြ၏။ သိကြားမင်းကလည်း ဝန်ခံ၏။ "သုခမိန်၊ ငါသည် သိကြားမင်းမှန်ပေသည်။ သင်၏ ပညာကို ထင်ရှားစေလို၍ ဤသို့ပြုသည်" ဟု ဆို၏။ မဟောသဓာက "သိကြားမင်း၊ နောင်ကို ဤသို့ မပြုပါနှင့်" ဟူ၍ ဆိုဆုံးမ၏။ သိကြားမင်းလည်း သိကြားအသွင်ပြ၍ ကောင်းကင်၌ ရပ်၏။ "မဟောသဓာသုခမိန်သည် တရားကို ကောင်းစွာ ဆုံးဖြတ်ပေသည် တကား" ဟု ကောင်းချီးပေး၍ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။ အဖြစ်ထူးလှသဖြင့် မင်းကြီး စေလွှတ်ထားသော အမတ်သည် ဤအကြိမ်တွင် စာဖြင့် မလျှောက်တင်။ ဝိဒေဟရာဇ်မင်းကြီးထံ ကိုယ်တိုင်သွား၍ လျှောက်တင်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူတော်မူရန် သေနကအမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးက ယခင်နည်းအတိုင်းပင် တားမြစ်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါဦး" ဟူ၍ အမတ်ကို စေရပြန်လေသည်။ (မဟောသဓာဇာတ် အပိုင်း-၁၀ "ဘုရင် ပညာစမ်းခန်း" ဆက်တင်ပါမည်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform