ပြည်ထောင်စုနေ့ သို့ ပင်လုံစိတ်ဓါတ်
February 11, 2013 at 12:23am

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ရယ်လို့ ယေဘုယျ ပြောကြ၊ ရေးကြပေမယ့် အဲဒီပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ခွဲခွဲခြားခြားသိသူ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုသိမြင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ သိဖို့လိုပါတယ်။
မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။
မွန်-ဗမာ အနှစ် (၄၀) စစ်ပွဲအပြီးမှာ ဗမာဘုရင်တွေက မွန်ဘုရင်အုပ်ချုပ်တဲ့ ဒေသကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဗမာဘုရင် ဘိုးတော်ဘုရားဟာ ရခိုင်ပြည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်တိုင်းရင်းသား ဒေသတွေကတော့ တခါတရံမှာ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သလို့ဖြစ်စေ တခါတရံမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်လို့ဖြစ်စေ နေထိုင်လာခဲ့ကြပါတယ်။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။
ဒီလို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။ အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။
ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။
ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ပင်လုံစာချုပ်ရဲ့ အချီးနိဒါန်းမှာလည်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီခဲ့ကြလေသည်” ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်စိတ်ဓာတ်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ သဘောထားတွေဟာ ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးပဲဖြစ်ပါတယ်။
ဒီလိုခံယူချက် စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းရာမှာ ရှမ်းခေါင်းဆောင်များအနေနဲ့ …
၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး၊
၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊
၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရေး၊
… စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့သလို ကချင်ခေါင်းဆောင်များအနေနဲ့ကလည်း …
၁။ ကချင်ပြည်နယ်ဖွဲ့စည်းရေး၊
၂။ ကချင်ပြည်နယ်ဖွဲ့စည်းရာတွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ပါဝင်ဖွဲ့စည်းရေးတို့ကို တင်ပြခဲ့ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီလိုတင်ပြလာတဲ့ အချက်တွေကို မူအရ လက်ခံသဘောတူခဲ့ပါတယ်။ ဒီလိုသဘောတူညီခဲ့တဲ့ အချက်တွေဟာ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လမ်းညွှန်မူ (၇) ချက်ကို တင်ပြရာမှာ …
နံပါတ် (၁) မှာ ‘နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟူ၍လည်းကောင်း’၊ နံပါတ် (၂) မှာ ‘တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်’ ဟူ၍ ပါရှိသလို နံပါတ် (၅) မှာလည်း ‘ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ပြဋ္ဌာန်းထားရှိစေရမည်’ ဟူ၍ ညွှန်ကြားဖော်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေ ရယူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပင်လုံစာချုပ်မှာ အပိုဒ် (၉) ပိုဒ် ပါတာကို တွေ့ရမှာဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ (၄) အထိမှာ တောင်တန်းဒေသများအရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးနဲ့ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ခန့်ထားရေး ဒီပုဂ္ဂိုလ်များရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားတာဖြစ်ပါတယ်။ အပိုဒ် (၅) ကတော့ ‘တောင်တန်းဒေသ သို့မဟုတ် နယ်စပ်ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရာနှုန်းပြည့်ရှိစေရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၆) ကတော့ ‘ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး’ ကို ဖော်ပြထားပါတယ်။ အပိုဒ် (၇) မှာကတော့ ‘တောင်တန်းသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၈) နှင့် (၉) မှာတော့ ‘ရှမ်းပြည်နှင့် ကချင်ဒေသ၊ ချင်းဒေသများအတွက် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး’ အတွက် ထပ်လောင်း ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေပဲဖြစ်ပါတယ်။



တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာကို ချစ်ပါ၊ ဗမာစကားကို မြတ်နိုးပါ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။
Ref; မြန်မာ့သမိုင်း...မှတ်တမ်းများမှ ကောက်နှုတ်တင်ပြသည်
လေးစားချစ်ခင်သော
ရွှေအိမ်စည်
0 comments:
Post a Comment