ချုံကြားမှ ဘုံဖျားသို့ (သို့မဟုတ်)စက်ရုံအလုပ်သမားဘ၀မှ တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ
==================
ရေးသူ-လင်းလင်း(ကညက)
ငယ်စဉ်က တရုတ်တောင်ပိုင်း ရှန်ကျန်း (Shenzhen) မြို့လေးက ဆင်းရဲနွမ်းပါးလှတဲ့ စက်ရုံအလုပ်သမားတစ်ဦး ဖြစ်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် မစ္စကျောင် (Ms. Zhou) ဟာ ယနေ့ဆိုရင်တော့ ဟူနန်အခြေစိုက် Lens Technology ရဲ့ Chairman နဲ့ President ဖြစ်နေပါပြီ။ သူ့ရဲ့ အဲဒီကုမ္ပဏီဟာ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ကင်မရာတွေအတွက် Touch Screen မှန်မျက်နှာပြင်တွေကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ငန်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံခန့် ရှိနေပါပြီ။ ဒါ့အပြင် သူ့ရဲ့ နာမည်ဟာဆိုရင်လည်း အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံခန့် တန်ကြေးရှိတဲ့ ဧရာမ e-commerce လုပ်ငန်းကြီး Alibaba ကို တည်ထောင်ထားသူ တရုတ်စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး မစ္စတာ ဂျက်မ (Jet Ma) တို့နဲ့ မကြာခဏဆိုသလို ယှဉ်တွဲပြီး ဖော်ပြခံနေရပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လက သူ့ရဲ့ကုမ္ပဏီကို ရှန်ကျန်း စတော့အိပ်ချိန်းဈေးကွက်မှာ တင်ခဲ့တဲ့နောက်ပိုင်း မစ္စကျောင်ရဲ့ ကြွယ်ဝမှုဟာ ယခုလိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ (၁၀) ရက်ဆက်တိုက်ဆိုသလို တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ ယခုလို ဒေါ်လာ ၇.၆ ဘီလီယံထိ တန်ဖိုး မြင့်တက်လာခဲ့တာပါ။ သူ့ရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၇.၁ ဘီလီယံခန့် ချမ်းသာတဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူ ချန်လိုင်ဝါးကိုတောင် ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ စွမ်းအင်လုပ်ငန်းသူဌေးကြီးဖြစ်တဲ့ လီဟီဂျန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံထိ ရှိပါတယ်။ပြောရမယ်ဆိုရင် မစ္စကျောင်ရဲ့ ဘ၀အစပိုင်းဟာ ဘီလီယံနာသူဌေးကြီးတစ်ယောက်ဖြစ်ရေး အိပ်မက်ဆိုတာထက် အိပ်မက်ဆိုးကြီးတစ်ခုလို့ ဆိုရမှာပါ။ သူ့ကို ဟူနန်ပြည်နယ်ထဲက ရွာငယ်လေးတစ်ရွာမှာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားခဲ့တယ်။ အသက် ၅ နှစ်အရွယ်မှာပဲ မိခင်ရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရသလို ဖခင်ဖြစ်သူကလည်း လုပ်ငန်းခွင် မတော်တဆမှုကြောင့် မျက်စိနှစ်ကွင်းလုံး လုံးဝနီးပါး အလင်းမရနိုင် တော့တဲ့ ဒုက္ခိတအခြေအနေပါ။ ဒါပေမဲ့ ဒီလိုအခြေအနေဆိုးကပဲ ဘ၀မှာ အောင်မြင်ရမယ်ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ပိုမိုပြတ်သားစေခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာပဲ ကုန်ပစ္စည်းထုတ်လုပ်မှုရဲ့ အချက်အချာဒေသဖြစ်တဲ့ ရှန်ကျန်းကို သူထွက်ခွာလာခဲ့တယ်။ အဲဒီနောက် မှန်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က နာရီတွေအတွက် မှန်လုပ်ရတာ ဖြစ်ပါတယ်။“မိသားစုက ဆင်းရဲပေမဲ့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့စိတ်ကတော့ အရမ်းကို ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မဖေဖေနဲ့ အဖွားက ကျွန်မကို အရမ်းချစ်ခဲ့ကြလို့ပါ” လို့ သူက အစောပိုင်းအင်တာဗျူများမှာ ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့အလုပ်ဟာ အပြောင်းအလဲမရှိလို့ စိတ်ဝင်စားစရာမကောင်းတဲ့အတွက် အလုပ်ကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဘော့စ်အနေနဲ့ သူ့ကို ဌာနသစ်ဆီ ပြောင်းရွှေ့ပေးဖို့ ကျပြန်တော့လည်း မစ္စကျောင်ရဲ့ လုပ်သက်က ၃ လပဲ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာငယ်လေးတစ်ရွာက မိန်းကလေးတစ်ယောက်က စာကို ကောင်းကောင်းရေးတတ်တဲ့အတွက် အထက်လူကြီးတွေက သူ့ကို သတိထားမိလာခဲ့တယ်လို့လည်း သူက မီဒီယာတွေကို ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစပြီး မစ္စကျောင်တစ်ယောက် ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် အလျင်အမြန် တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးရဲ့ ဒါရိုက်တာရာထူးအဆင့်ကိုပါ ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်မှာတော့ သူဟာ ကိုယ်ပိုင် မှန်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က ၂၂ နှစ်ပဲ ရှိပါသေးတယ်။
သူ့အတွက် အရာအားလုံးက ပန်းခင်းလမ်းလို ချောမွေ့နေခဲ့တာတော့ မဟုတ်ပါဘူး။ မစ္စကျောင်ဟာ ကုမ္ပဏီပေါင်း ၁၁ ခု တည်ထောင်ခဲ့ဖူးပြီး အဲဒီလုပ်ငန်းတွေအားလုံး မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် Lens Technology ကုမ္ပဏီကျမှ လုပ်ငန်းကနေ အမြတ်အစွန်းရရှိလာခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းလောက်မှာပဲ သူဟာ မိုဘိုင်းဖုန်းတွေအတွက် မှန်မျက်နှာပြင်ထုတ်လုပ်တဲ့ နယ်ပယ်ထဲ ကိုပါ ၀င်ရောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
“၀န်ထမ်းတွေကို လစာပေးဖို့ ကျွန်မ အိမ်ကို ၂ ကြိမ်တောင် ရောင်းခဲ့ရဖူးတယ်”လို့ သူက ခါးသီးလှတဲ့ ဘ၀အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲပါ့တယ်။ ဒါတင်မကသေးပါဘူး။ မနာလိုတဲ့ ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကုမ္ပဏီမှာ ကုန်ကြမ်းပြတ်မလို ဖြစ်ခဲ့ရတဲ့အတွက် စိတ်ဖိစီးမှုတွေများပြီး မစ္စကျောင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ စိတ်ကူးမိတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ အခက်အခဲအဖုံဖုံကြားကနေ ယခုလို အောင်မြင်လာခဲ့တာဟာ သူမရဲ့ မဆုတ်မနစ် စွဲစွဲမြဲမြဲလုပ်တတ်တဲ့ ၀ီရိယကြောင့်လို့ မကြာခဏ ထုတ်ဖော်ပြောလေ့ ရှိပါတယ်။“တောင်တက်သလိုပါပဲ၊ ရှင့်ကို ထိပ်ဆုံးရောက်စေမယ့်အရာက ရှင့်ရဲ့ ရုပ်ပိုင်းကြံ့ခိုင်မှု မဟုတ်ပါဘူး။ ရှင့်ရဲ့ မလျှော့သော ဇွဲ၊ လုံ့လတို့ပဲ ဖြစ်ပါတယ်” လို့ သူ့ရဲ့ကုမ္ပဏီ အချမ်းသာဆုံး စာရင်းဝင်ခဲ့တဲ့နောက် ရုပ်သံအစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဘ၀ဒဿနကို ဝေမျှခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှုရအောင် ကြိုးပမ်းနေရတဲ့ အစောပိုင်း ကာလတွေတုန်းကဆိုရင် မစ္စကျောင်ဟာ သုံးရက်ဆက်တိုက် စက်ရုံမှာပဲနေပြီး စံချိန်စံညွှန်းပြည့်မီအောင် အရည်အသွေး စမ်းသပ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခဲ့တယ်။
အဲဒီလို ကြိုးပမ်းအားထုတ်ခဲ့တဲ့အတွက် Lens Technology ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံအထိ ရရှိခဲ့ပြီး ၀န်ထမ်းပေါင်း ၈၀၀၀၀ ခန့် ရှိတယ်လို့ Bloomberg က ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ Apple ၊ Samsung တို့လို နိုင်ငံစုံလုပ်ငန်းကြီးတွေရဲ့ ဖုန်းတွေအတွက် မှန်မျက်နှာပြင်တွေ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ကမ္ဘာပေါ်က စမတ်ဖုန်း ၅ လုံးမှာ ၁ လုံးက သူ့ကုမ္ပဏီကထုတ်တဲ့ မှန်မျက်နှာပြင်ကို အသုံးပြုထားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒါပေမဲ့ ခင်ပွန်းဟောင်းနဲ့ ရခဲ့တဲ့ သမီးတစ်ယောက်ရှိတဲ့ မစ္စကျောင်ဟာ ဘ၀မမေ့သလို သူ့ကို ဘ၀တစ်လျှောက်လုံး ကူညီခဲ့သူတွေကိုလည်း မမေ့ပါဘူး။ သူဟာ ကုမ္ပဏီအတွက် စတော့ဈေးကွက်နဲ့ ပတ်သက်တာတွေကို ကြိုတင်လေ့လာဖို့ တိုက်တွန်းခဲ့တဲ့ သူ့ရဲ့ ဘာသာစကားသင် ဆရာဟောင်းတစ်ဦး ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ “ကျွန်မရဲ့ မူလတန်းကျောင်းက ဆရာကသာ ကျွန်မကို စတော့ဈေးကွက် လေ့လာဖို့ သတိမပေးခဲ့ရင် ကျွန်မလည်း ဒီတီထွင်မှုကို စဉ်းစားဖို့ စိတ်ကူးမိမှာ မသေချာပါဘူး” လို့ သူက မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ ခြစ်ရာစင်းရာ မထင်ကြောင်း အာမခံနိုင်တဲ့ မှန်မျက်နှာပြင်တွေကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ ယခုဆိုရင် ဒီတီထွင်မှုကနေ ကုမ္ပဏီအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိစေခဲ့ပါပြီ။သူ့ရဲ့ဘ၀ဟာ မိုးစက်ထိတာနဲ့ ချက်ချင်းပွင့်တဲ့ ပဒုမ္မာကြာပန်းပွင့်လိုပါပဲ၊ ငယ်စဉ်ကလေးဘ၀က ကျေးလက်ဒေသမှာ ဆင်းရဲပင်ပန်းစွာ ကြီးပြင်းလာခဲ့ရပေမဲ့ ခုဆိုရင်တော့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပါပြီ။
သူ့အနေနဲ့ ယခုလို အောင်မြင်မှုတွေ ရရှိလာခဲ့တာဟာ ငယ်စဉ်က သူ့ရဲ့ ဘော့စ်တွေနဲ့ အိပ်ခဲ့လို့၊ သူအလုပ်လုပ်ခဲ့တဲ့ ပထမဆုံးကုမ္ပဏီက ဖောက်သည်တွေကို သူ့ဆီပါလာအောင် ဆွဲဆောင်ခဲ့လို့ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့ပေမဲ့ မစ္စကျောင်ကတော့ အားလုံးကို ပယ်ချခဲ့ပါတယ်။“ကျွန်မအကြောင်းကို မသိတဲ့သူတွေက ကောလာဟလတွေကို ယုံကြလိမ့်မယ်။ ဒါတွေကို ကျွန်မ ကိုယ်တိုင် ရှင်းပြနေလို့ ဘာမှအသုံးမ၀င်သလို အဲဒီလို လိုက်ရှင်းပြနေဖို့လည်း မလိုပါဘူး” လို့ သူက ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Ref: Once a factory worker, now China’s richest woman (The Straits Times)
Myanmar B2B Management Magazine
‪#‎LinLinTun‬
‪#‎ZhouQunfei‬