ဦးဖေမောင်တင် (ပထမပါမောက္ခ)
အသက် ၂၄ နှစ် အရွယ်တည်းက ပါမောက္ခဖြစ်ခဲ့သော ဦးဖေမောင်တင်သည် ငယ်စဉ်တည်းက
မြန်မာတနိုင်ငံလုံးတွင် ပထမဆု နှင့် စကောလားရှစ်များရခါ ပညာထူးချွန်ခဲ့သည်
။ မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့်
နိုင်ငံခြားဝတ်စုံကို ၀တ်ဆင်သော နိုင်ငံခြားသား ပါမောက္ခအများအပြားကြားတွင်
ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ၀တ်ဆင်ပြီး
စာသင်လေ့ရှိသညါ ။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း
ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများသာမက နိုင်ငံခြားသား ပါမောက္ခများ၏
လေးစားခြင်းကိုပါ ခံခဲ့ရသည် ။
သူ ဘီ-အေ အောင်သောနှစ်က စုစုပေါင်း ဘီအေအောင်သူ ၉ ယောက်သာရှိခဲ့သည် ။ ထိုအခါ ပညာတတ်များအလိုရှိသော
ဗြိတိသျှအစိုးရက အိမ်တိုင်ရာရောက် လိုက်ခေါ်ပြီး ရာထူးကြီးများ
ပေးအပ်သော်လည်း ဆရာကြီး ဦးဖေမောင်တင်က စိတ်မ၀င်စားခဲ့ချေ ။ အစိုးရ
အထက်တန်းကျောင်းတွင် တစ်နှစ်ခန့်ဆရာဝင်လုပ်ပြီးမှ ပါမောက္ခအလုပ်ကို
လုပ်ခဲ့ခြင်းဖြစ်သည် ။
ရန်ကုန်ကောလိပ်တွင် ပါမောက္ခလုပ်နေစဉ်တွင်လည်း မြန်မာကျောင်းသားများဘက်မှ အမြဲရပ်တည်ပေးခဲ့သည်
။ ရန်ကုန်တက္ကသိုလ် တည်ထောင်ပေးရန် ရှေ့တန်းမှ တောင်းဆိုခဲ့သည် ။
ကျောင်းသားခေါင်းဆောင်များကို အရေးယူခိုင်းသောအခါ သူတို့သည် အစိုးရကို
ဆူပူခြင်းသာဖြစ်သည် ၊ ကျောင်းနှင့်မဆိုင်ဟုဆိုခါ အရေးယူဖို့
ရဲရဲတင်းတင်းငြင်းဆန်ခါ ၊ ကျောင်းသားများဘက်မှ ရပ်တည်ပေးခဲ့သည် ။
ထို့အပြင် တို့ဗမာအစည်းအရုံးကိုလည်း တိတ်တဆိတ် အားပေးခဲ့သေးသည် ။
နိုင်ငံချစ်စိတ်အပြည့်ရှိသော ဆရာကြီးသည် “ယူနီဗာစတီ” ဟူသော အသုံးအနှုံးကို
“တက္ကသိုလ်” ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန် လုပ်ဆောင်ခဲ့သည် ။
မြန်မာတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များအား မြန်မာဝေါ်ဟာရနှင့်
ခေါ်နိုင်ခြင်းမှာလည်း ဆရာကြီး၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည် ။
အင်္ဂလန် ပြင်သစ် စသောနိုင်ငံများသို့ သွားရောက်ခဲ့စဉ် သူတို့ ဘာသာစကား
ဓလေ့ထုံးစံကို တလေးတစား အလေးထားကြသည်ကို မြင်တွေ့ပြီး မြန်မာနိုင်ငံတွင်
မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မျက်နှာငယ် ညှိုးရော်နေသည်ကို
မကြည့်ရက်နိုင်ဖြစ်လာခဲ့သည် ။ ထို့ကြောင့် တက္ကသိုလ်တွင် မြန်မာစာဌာန
ရှိရန် ၊ တက္ကသိုလ်ရှိ ဥပဇာတန်း ၊ ၀ိဇ္ဖာတန်း ၊ ဂုဏ်ထူးတန်း ၊
မဟာဝိဇ္ဖာတန်းတို့တွင် မြန်မာစာပေ သင်ကြားရန် ဆောင်ရွက်ခဲ့သည် ။
ထိုသို့ကြိုးပမ်းရာတွင် မြန်မာစာဟောင်း ပေဟောင်းများကို
ကိုယ်တိုင်လေ့လာစည်းပူး စုဆောင်း၍ ၊ မြန်မာစာပေလောကတွင် ထူးချွန်သော
လူတော်များနှင့် ပူးပေါင်းခဲ့သည် ။ မြန်မာစာတမ်း စာအုပ်စာပေ
ကျောင်းသုံးစာအုပ်များကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည် ။
အစိုးရကျောင်းများတွင်လည်း မြန်မာ့စာပေကို နောင်လာနောက်သားများ
လေ့လာစည်းပူးနိုင်ရန် ဦးသြဘာသ၏ ဝေဿန္တရာဇာတ် ၊ ဦးဖိုးကျား၏
မြန်မာ့ဂုဏ်ရည် ၊ ဦးခ၏ ချွေတာခြင်း စသည်တို့ကို ရဲဝံ့စွာ
ပြဌာန်းပေးခဲ့သည် ။ ခရစ်ယာန်သာသနာပြုကျောင်းများက
ထိုသင်ရိုးညွှန်းတန်းများကို အတိုက်အခံပြုသောအခါ ၊ ကိုယ်တိုင်
ခရစ်ယာန်ဘာသာဝင်ဖြစ်သော ၊ ဘက်လိုက်မှုကင်းသော ၊ အမှန်တရားကိုသာ အလေးထားသော
ဆရာကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည် - -
“ဗုဒ္ဓဘာသာ တိုင်းပြည်မှာ လာနေတဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း သင်ရတာ အလွန်သဘာဝကျပါတယ် ။
ကျေးဇူးတင်ဖို့တောင် ကောင်းပါသေးတယ်”
ဗြိတိသျှအာဏာပိုင်များက ပို့၍ အောက်စဖို့ တက္ကသိုလ်တွင် သွားရောက်ပညာသင်ကြားစဉ် ၊ လူအများ
မအောင်မြင်နိုင်ဟု ထင်သော အလွန်ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်စောင်ကို
ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။ ထိုသို့ ကျမ်းများကို
ဘာသာပြန်ဆိုရာတွင် အလွန်ထူးချွန်သောကြောင့် နိုင်ငံခြားသားများက
ဆရာကြီးအား “သူတော်စင်” ၊ “ပါဠိဒေ၀ီ” ဟု ချီးမွန်းခေါ်ဝေါ်သည့်အပြင် ၊
ယိုးဒယားဘုရင်ကလည်း ဆု ရွှေဒင်္ဂါး ပေါင် တစ်ထောင် ချီးမြင့်ခဲ့သည် ။
ဂျာမန်လူမျိုးတဦးသည် ဆရာကြီး ဘာသာပြန်ထားသော ကျမ်းကို ကိုးကား၍
ဂျာမန်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။
ဆရာကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးကိုလည်း အထူးလိုလားသည် ။
မြန်မာစာပေကို တိုင်းရင်းသားများထံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့်
အချင်းချင်း နားလည်မှု ၊ ရင်းနှီးမှု ၊ ချစ်ခင်မှု ၊ သွေးစည်းမှုတို့
ရနိုင်မည်ဟုလည်း ယုံကြည်ခဲ့သည် ။
မင်းယုဝေ

---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက် http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်
0 comments:
Post a Comment