မကွေး ဇူလိုင် ၇
မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းမှ မလှမ်းမကမ်းတွင် ရှေးဟောင်း သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီ ကိန်းဝပ်စံပယ်တော်မူပြီး နှစ်စဉ်ဝါတွင်း ကာလများ၌ မုန်းချောင်းအတွင်းသို့ ဘုရားဖူးငါးများ လာရောက်လေ့ရှိသည်။ ထိုဘုရားဖူးငါးများကို အနယ်နယ် အရပ်ရပ် မှ ရောက်ရှိလာသည့် ဘုရားဖူးများက ငါးစာများ ကျွေးကြသဖြင့် အလွန်စည်ကားသော ပွဲတော် တစ်ခု ဖြစ်ပါသည်။
ငါးကျွေးဆိပ်ဖွင့်ပွဲ အခမ်းအနားကို ဝါဆိုလပြည့်နေ့ (ဇူလိုင် ၁၁ ရက်)တွင် ကျင်းပမည်ဟု သိရသည်။ နံနက် ၆ နာရီတွင် ဗူးသည် ရွာအနီး မုန်းချောင်း ငါးကျွေးဆိပ်သို့ စန္ဒကူးနံ့သာကျောင်းတော် ရာဘုရား၏ အကျိုးတော်ဆောင်ချုပ် ဆရာတော် အရှင်ဓမ္မစာရ (သာသနဓဇဓမ္မာစရိယ)အမှူးပြုသော သြဝါဒါစရိယ ဆရာတော်များ ကြွရောက်လာမည်ဖြစ်ပြီး တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ဓမ္မစကြာအသင်းများ လိုက်ပါလျက် မုန်းချောင်းနှင့် ဧရာဝတီပေါင်း စည်းသော မြစ်ဆုံသို့ ပဲ့ထောင်စက်လှေများဖြင့် ဘုရားဖူးငါးများကို ကြိုဆိုကြမည်ဟု သိရသည်။ ငါးကျွေးဆိပ်မှ ဧရာဝတီမြစ်ဝအထိ ရေမိုင် ၁၂ မိုင်ဝေးသည်။ ဘုရားဖူးငါးများ မုန်းချောင်းအတွင်း ဝင်ရောက်လာပြီး ငါးကျွေးဆိပ်သို့ရောက်သောအခါ မင်္ဂလာစည်တော်တီး၍ အဆို၊ အက၊ အတီး၊ အမှုတ်များနှင့် ကြိုဆိုကြမည်ဟု တာဝန်ရှိသူတစ်ဦးက အစီအစဉ်ကိုပြောသည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက ရဟန္တာ ငါးရာနှင့်ကြွရောက် ၍ ခုနစ်ရက်တိုင်တိုင် သီတင်းသုံးခဲ့သော စန္ဒကူးနံ့သာကျောင်းတော်ရာတွင် တည်ထားသော စန္ဒကူးနံ့သာကျောင်း တော်ရာဘုရားကြီး အား ရှေးနှစ်ပေါင်း များစွာက ဘုရားဖူးငါးများသည် ဝါတွင်းသုံးလပတ်လုံး လာရောက် ဖူးမြော်ကြသည်။ စန္ဒကူးကျောင်းတော်ကြီးမှာ အလွန်ကြီးမားခန့် ထည်ပြီး ပြာသာဒ်ဆောင်ပေါင်း ၁ဝ၈ ဆောင်၊ လှေကားပေါင်း ၁ဝဝ နှင့် ပြတင်းပေါက် ၁ဝ၆ဝ ပါရှိကြောင်း လေ့လာသိရှိရသည်။
စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးအရှေ့ဘက် ငါးဖာလုံအကွာတွင် မုန်းချောင်းရှိသည်။ ဝါတွင်းသုံးလတွင် ရေပြည့်လျှံကာ ငါးများအတွက် သဘာဝသွားလမ်း၊ ပြန်လမ်းဖြစ်နေပါသည်။ မုန်းချောင်းကမ်းစပ်တွင် ပါးစပ်ကြီးများဟလျက် အစာတောင်းကြသော ဘုရားဖူးငါးကြီးများမှာ ကြိတ်ကြိတ်တိုးလျက်ရှိကြသည်။ ထိုငါးကြီးများသည် ဝါတွင်းသုံးလတွင် သက်သတ်လွတ်စားသဖြင့် မုန့်ပဲသွားရည်စာနှင့် ဖွဲနုဆုပ်၊ ထန်းသီး မုန့်၊ ပေါက်ပေါက်ဆုပ်များကို သာ စားကြသည်။ အညှီအဟောက် အသားငါးပါသော မုန့်များကျွေးလျှင် လုံးဝမစားကြပေ။ ငါးများသည် ရေထဲ၌ ကူးခတ်ပျော်မြူးနေကြလျက် တစ်ဝါတွင်းလုံး မုန်းချောင်းထဲ၌ နေကြသည်။ ဘုရားဖူးငါးများကို ငါးထွေဟု သတ်မှတ်ရသော်လည်း မြစ်ထဲမှ ရိုးရိုးငါးထွေနှင့် မတူဘဲ ဘုရားဖူးငါးများက ခေါင်းပိုရှည်သည်။ ငါးအုပ်ထဲဆင်းကာ အစာကျွေးသော်လည်း ညှီစော်နံခြင်းမရှိပါ။ ဘုရားဖူးငါးများသည် အခြားမျိုးကွဲ ငါးများမပါဝင်ဘဲ ငါးအားလုံး တစ်မျိုးတည်းဖြစ်သည်။ ဝါကျွတ်လျှင်ငါးများကို လုံးဝရှာမတွေ့တော့ပါ။ လာချိန်တန်လျှင်လာ၍ ပြန်ချိန်တန်လျှင် အားလုံးပြန်ကြသည်။
မုန်းချောင်းအတွင်း အစုန်၊ အဆန် သွားလာကြသော ဘုရားဖူးငါးများသည် အန္တရာယ်ကို ကြိုတင်သိရှိလေ့ရှိသည်။ သူတို့ဝင်ချိန်/ထွက်ချိန် မုန်းချောင်း အတွင်းပိုက်ချထားလျှင် ဆရာတော်ဘုရားထံ အိပ်မက်ပေး၍ တိုင်ကြားသည်။ ထိုအခါ ဆရာတော်ကိုယ်တိုင် မုန်းချောင်းအတွင်း လှေတစ်စင်းဖြင့် စုန်ဆင်းလျက် ပိုက်များကို ဖယ်ရှားပေးခဲ့ရသည်။ ထို့ကြောင့် နှစ်စဉ်ဝါဝင်ချိန်၊ ဝါထွက်ချိန် သတ်မှတ်၍ ဝါဆိုလဆန်း ၈ ရက်မှ လပြည့်ကျော် ၈ ရက်အထိနှင့် သီတင်းကျွတ်လဆန်း ၈ ရက်မှ လပြည့်ကျော် ၈ ရက်အထိ ဧရာဝတီမြစ်ဝမှ ဘုရားအထက် ဝတ္တကနယ်မြေ အဆုံးအထိ မုန်းချောင်းအတွင်း ပိုက်မချရန် ဥပဒေဖြင့် တားမြစ်ပိတ်ပင်ခဲ့ ရသည်။ ရေလုပ်သားတံငါသည်များသည် ဘုရားငါးများမိလျှင် ပြန်လွှတ်ပေးကြသည်။ ဘုရားငါးကို သတ်မိလျှင် လှေရောပိုက်ပါပြုတ်၍ ဆင်းရဲမွဲတေသည်ဟု ယုံကြည်ကြသည်။
အချုပ်ဆိုရသော် မြတ်စွာဘုရားနှင့် ရဟန္တာ ၅ဝဝ တို့ ခုနစ်ရက် သီတင်းသုံး ခဲ့သော စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားသို့ ဝါတွင်းသုံးလ ပတ်လုံး နှစ် စဉ်လာရောက်ကြသော ငါးများသည် သာမန်ငါးများ မဟုတ်ဘဲ ဘာသာရေး အထုံအဆက် ကြီးမားသော သူတော်ကောင်းငါးများ ဖြစ်ကြ၍ ဝါဆိုလပြည့်နေ့ မှစ၍ ဘုရား ဖူးရင်း၊ ငါးစာကျွေးရင်း ကုသိုလ်ယူကြသော အနယ်နယ် အရပ်ရပ်မှ ပြည်သူများနှင့် စည်ကားလျက်ရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar




0 comments:
Post a Comment