စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 April 2014

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

အရှင်ဘုရား…

နားနဲ့မနာ ဖ၀ါးနဲ့နာတော်မူပါရား၊ တပည့်တော်မဟာ သစ္စာမဲ့တဲ့ လင်ယောက်ျားကြောင့် အကြီးအကျယ် စိတ်သောက ရောက်နေရပါတယ်ဘုရား၊ စိတ်ချမ်းသာအောင် တရားဓမ္မနဲ့ ဘယ်လို နှလုံးသွင်းပြီး ဘယ်လိုဖြေသိမ့်ရမယ်ဆိုတာ သနားကရုဏာ ရှေ့ ထားပြီး မိန့်ကြားပေးတော်မူပါဘုရား။

မမိုးသက်လှိုင်၊ ရန်ကင်းမြို့ နယ်။

မမိုးသက်လှိုင်ရေ..

မမိုးသက်လှိုင်ရဲ့ မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ အခုတလော နာမည်ကြီးနေတဲ့ နိုင်ငံကျော် မင်းသမီးတစ်ဦးရဲ့ အိမ်ထောင်လမ်းခွဲသတင်းကို ချက်ချင်း သတိရလိုက်မိပါတယ်။ " တစ်ဦး တစ်ယောက် ရဲ့ အချစ်ကို ရယူဖို့ မကြိုးစားတော့ဘဲ ပရိသတ်ရဲ့ အချစ်ကို ထာဝရရယူနိုင်ဖို့ပဲ ကြိုးစားသွားပါတော့မယ် " လို့လည်း အင်တာဗျူးတစ်ခုမှာ သူမက ရင်ဖွင့်ထားသေးတယ်လေ။

ဟုတ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ အချစ်ဆိုတာက တဏှာဓာတ်တွေလွှမ်းခြုံနေပြီး ပရိသတ်ရဲ့ အချစ်ကတော့ မေတ္တာဓာတ်တွေ မွှမ်းထုံနေပါတယ်။ တဏှာချစ်ကို တောင့်တရင် တောင့်တနေချိန်မှာ လည်း တဏှာစိတ်နဲ့ ပူလောင်ရသလို ရရှိလာချိန်မှာလည်း သံယောဇဉ်မီးတွေနဲ့ ကျွမ်းမြိုက်ရပါတယ်။ မေတ္တာချစ်ကို မျှောင်လင့်ရင်တော့ မျှော်လင့်နေချိန်မှာလည်း မေတ္တာစိတ်နဲ့ အေးမြရသလို ရရှိလာချိန် မှာလည်း မေတ္တာရောင်ပြန်တွေနဲ့ ချမ်းမြေ့ရပါတယ်။ (တဏှာချစ်နဲ့တော့ စိတ်နှလုံး အပူလောင် မခံချင် ပါနဲ့တော့ ရွှေမင်းသမီးရေ..။)

ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအကျဆုံး ယုံကြည်ချက်ကတော့ ကံနဲ့ ကံရဲ့ အကျိုးတရားပါပဲ။

" ကောင်းတာလုပ်ခဲ့ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့ စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်တဲ့မျိုးစေ့နဲ့ ထိုက်တန်တဲ့အပင်ပေါက်ပြီး အဲဒီအပင်နဲ့ လိုက်ဖက်တဲ့အသီးကိုပဲ ကိုယ်စားရမယ်၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ အကျိုးတရားကို ကိုယ်ပဲခံစားရမယ်၊ အလုပ်ဆိုတာကံ၊ ကံဆိုတာ အလုပ်၊ ကိုယ့်ကံက ကိုယ့်ဘ၀ကိုစီမံတယ်၊ ကိုယ့်ဘ၀ရဲ့ ဖန်ဆင်းရှင်ဟာ ကိုယ်လုပ်ခဲ့တဲ့ ကံတရား "

အဲဒီလို နားလည်လက်ခံ ယုံကြည်ထားကြပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မကောင်းကံတွေ အတိတ်က ပြုလုပ်ခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတစ်ပါး အိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေး မကောင်း နိုင်ပါဘူး။

သမီးရည်းစားချစ်၊ လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာမဟုတ်ပါဘူး။ မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူ မည်သူကိုမဆို တကွဲတပြားဆီ ဝေးလွင့်သွားအောင် လုပ်ရင် ဖြစ်လေရာ ဘ၀တိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ " ဆုံနိုင်ခွင့် " မှေးမှိန်ပျောက်ကွယ်ပြီး " လွမ်းဆွတ်ခွင့် " " တမ်းတခွင့် " တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

အောက်ထစ်ဆုံး ငှက်ကလေး၊ ငါးကလေးတွေ၊ ကြောင်ကလေး၊ ခွေးကလေးတွေကို သူတို့မိသားစု၊ သူတို့အသိုက်အမြုံကနေ ခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင် အဲဒီကုသိုလ်ကံက သူအကျိုး ပေးတဲ့ဘ၀မှာ ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင် စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ကြောက်စရာအကောင်းဆုံးကံ ကတော့ " ကာမေသုမိစ္ဆာစာရကံ" ပါပဲ။ " ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ " လို့ အဓိပ္ပါယ် ရပါတယ်။ ကိုယ့်ရဲ့ ကာမပိုင် မဟုတ်သူတွေနဲ့ ကာမကိစ္စဖောက်ပြန်ရင် " ကာမေသုမိစ္ဆာစာရကံ" ထိုက်ပါ တယ်။ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန်ရင်တော့ " ပရဒါရကံ" ထိုက်တယ်လို့လည်း ခေါ်ပါတယ်။

အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် သစ္စာကင်းမဲ့တာဟာ ကိုယ့်ရဲ့ အတိတ်က " သစ္စာမဲ့ကံ" က ကိုယ့်ကို အကျိုးပေးတာပါပဲ။

ကိုယ့်နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင် ဖွဲ့စည်းတည်ဆောက်ထားခဲ့တဲ့ ကျွန်းပါ။ ဘယ်သူမပြု မိမိမှုပေါ့နော်။ " နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်" လို့ ဟစ်အော် ကြွေးကြော်နေတာဟာ " အတိတ်ဘ၀တွေက အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ သစ္စာယွင်းပျက်ခဲ့ပါတယ်၊ ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်" လို့ ထုတ်ဖော်ဝန်ခံနေတာပါပဲ။

ကံတရားရဲ့ သဘာဝကို အကြောင်းအကျိုးဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင်မယ်ဆိုရင်တော့ ကိုယ့် ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ် မမိုးသက်လှိုင်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်ဖြေသိမ့်နိုင်မယ် ထင်ပါရဲ့ ။

ဒါပေမဲ့ ခွင့်လွှတ်ဖြေသိမ့်နိုင်ရုံနဲ့ မပြီးသေးဘူး မမိုးသက်လှိုင်ရေ..။ ကိုကြုံတွေ့နေရတဲ့ အဆိုး လောကဓံထဲကနေ အနှစ်သာရ တစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ် ထွက်အောင် လုပ်ရပါဦးမယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက သာဝထ္ထိမြို့ မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီး တစ်ဦးရှိခဲ့ဖူးပါတယ်။ အတိတ်ကံအကြောင်းတရားကြောင့် သူမရဲ့ ခင်ပွန်းသည်က သူမကို လုံးဝ မချစ် ပါဘူး။ တခြားအမျိုးသမီးတစ်ယောက်နဲ့ မျက်နှာပြောင်တိုက်ပြီး လူမှုရေး ဖောက်ပြန်နေပါတယ်။

ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အပေါ် သစ္စာမဲ့လို့ ဆိုပြီး သူမက စိတ်လည်းမညစ်ပါဘူး။ စိတ်လည်း မဆိုးပါဘူး။ " လင်ကမချစ်တော့ လင်နဲ့ အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့ " လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။

အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝက မထေရ်ကြီးနှစ်ပါးကို အိမ်မှာ နေ့စဉ်ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစား လိုက်တာ သိပ်မကြာခင်မှာပဲ သောတာပန် အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။ " လင်က မပေါင်းချင်မှ တော့ အိမ်မှာနေလဲ အပိုပဲ " ဆိုပြီး ရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာအရှင်မလေး ဖြစ်သွား ပြန်ပါတယ်။

တကယ်လို့သာ သူမရဲ့ ခင်ပွန်းက သူမကို သိပ်ချစ်၊ သိပ်ကြင်နာနေမယ်ဆိုရင် အခုလို တရား အရသာ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောက်ျားအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။ နိဗ္ဗာန်အရသာကို အဆင့်မြင့်ဆုံး ခံစားခွင့်ရနေမှတော့ ယောက်ျားအရသာ ဆုံးရှုံးခဲ့တာကို နှမြောတမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ် မကြင်နာတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင်စရာတောင် ကောင်းပါသေးတယ်။

သူတို့နှစ်ယောက်ပဲ ဘ၀တစ်ခုမှာ ဗြဟ္မဒတ်မင်းသားနဲ့ အသိတာဘူမင်းသမီးဆိုပြီး တော်ဝင်ဇနီး မောင်နှံဖြစ်ခဲ့ဖူးပါတယ်။ ဖခင်ဘုရင်ကြီးက အာဏာလုမှာစိုးရိမ်ပြီး တိုင်းပြည်က နှင်ထုတ်လိုက်လို့ သူတို့ နှစ်ဦး ဘုရားအလောင်းတော်ရသေ့ သီတင်းသုံးရ ဟိမ၀န္တာတောထဲမှာ နေထိုင်ခဲ့ကြရပါတယ်။

တစ်နေ့တော့ သိပ်ချောသိပ်လှတဲ့ ကိန္နရီမလေးတစ်ဦးကို သစ်ခက်တဲနန်းအနီးမှာ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရပါတယ်။ ကိန္နရီမလေးကို မြင်မြင်ချင်း ချစ်မိသွားတဲ့ မင်းသားဟာ " မဖုရားမြှောက်မယ်" ဆိုတဲ့အကြံအစည်နဲ့ ကိန္နရီမလေးနောက် တကောက်ကောက်ပြေးလိုက်ပါတော့တယ်။ မင်းသားရဲ့ သစ္စာဖောက်မှုကို မြင်ရတဲ့ မင်းသမီးလည်း မင်းသားအပေါ် သံယောဇဉ်ပြတ်ပြီး ဘုရားလောင်းရသေ့ထံမှာ ကမ္မဋ္ဌာန်းသင်ယူအားထုတ်လိုက်တဲ့အတွက် တစ်ခဏချင်းအတွင်းမှာပဲ ဈာန်အဘိညာဉ်တွေ ရရှိသွား ပါတယ်။

တောကျွမ်းတဲ့ ကိန္နရီမလေးနဲ့ ခြေရာပြတ်ပြီး လက်လျှော့ပြန်လာတဲ့မင်းသားကို ကောင်းကင်ပေါ် ကနေ နှုတ်ဆက်စကားပြောကြားပြီးဝေးရာကို ပြေးခွာထွက်သွားပါတော့တယ်။ မင်းသမီးရဲ့ နှုတ်ဆက် စကားက …

" တစ်ချိန်က မောင် လို့ အမြတ်တနိုးခေါ်ခဲ့ရတဲ့ မင်းသားရေ၊ ရှင့်ရဲ့ သစ္စာမဲ့မှုကြောင့် ကျွန်မ ဈာန်ချမ်းသာရခဲ့ပါပြီ၊ တကယ်တော့ ကျွန်မရဲ့ ဈာန်ချမ်းသာဟာ ရှင်ပေးတဲ့ချမ်းသာပါ၊ ဒီ့အတွက် ရှင့်ကို ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်"

" ဒါပေမယ့် တစ်ချိန်က ရှင့်အပေါ်ထားရှိခဲ့တဲ့ ကျွန်မရဲ့ အချစ်တွေ၊ ကျွန်မရဲ့ သံယောဇဉ် တွေကတော့ ကျွန်မရဲ့ နှလုံးသားကနေ ပြုတ်ကျသွားခဲ့ပါပြီ၊ ကျွန်မရင်ထဲမှာ ရှင်မရှိတော့ပါဘူး။ လွှနဲ့ အဖြတ်ခံရတဲ့ ဆင်စွယ် ပြန်မဆက်နိုင်တော့သလို ရှင်နဲ့ ကျွန်မကြားမှာရှိတဲ့ နှောင်ကြိုးတွေကိုလည်း ပြန်ဆက်လို့ မရနိုင်တော့ပါဘူး။ တစ်စစီ ကျိုးပဲ့ကြွေမွခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျွန်မ နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ် "

အသိတာဘူမင်းသမီးရဲ့ နှုတ်ဆက်စကားကို ကြည့်ရင် သူမရဲ့ ရင်ထဲမှာ သောကဆူးငြောင့် မကျန်ရစ်ခဲ့ဘူး၊ သူမရဲ့ စိတ်အစဉ်ဟာ ပူလောင်ခြင်းမရှိ၊ ပကတိအေးချမ်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ သာသနာပကာလမို့သာ ဈာန်ချမ်းသာနဲ့ပဲ ငြိမ်းအေးမှုရယူခဲ့ရတာပါ။

ဒီလောက်ဆိုရင် မမိုးသက်လှိုင်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ သိလောက်ပါပြီနော်။ ၀ထ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို " နောက်ဆုံးထွက်သက်အထိ ရူးသွပ်စွာ ချစ်နေမှာပါမောင် " လို့လည်း စိတ်ကူး မယဉ်ပါနဲ့၊ သီချင်းတွေထဲကလို " ရက်စက်တတ်တဲ့မင်းရဲ့ အနားမှာ ရက်စက်မှုတွေ ခံယူချင်တယ်" လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘ၀မှာ စိတ်ချမ်းသာဖို့နဲ့ ဖြစ်နိုင်ရင် ဘ၀လွတ်မြောက်မှု ရဖို့အတွက် သာ အတတ်နိုင်ဆုံးကြိုးစားပါ။

ရှေးသူတော်ကောင်းတွေထုံး နှလုံးမူပြီး တရားနဲ့ မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ် များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပေါ့၊ နှာသီးဝ လေထိရာအရပ် သတိကပ်ပြီး လေ၀င်ရင် " ၀င်တယ် " ၊ လေထွက်ရင် " ထွက်တယ် " လို့ ရှုမှတ်ရတဲ့အလုပ်ကတော့ သီးခြားထိုင်ရင်းနဲ့ရော၊ သွားရင်းလာရင်းရော လုပ်လို့ လွယ်ကူပါတယ်။ စွဲစွဲမြဲမြဲ လုပ်ကြည့်ရင် စိတ်တွေ အထူးအေးချမ်းလာမှာပါ။

သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ။ ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊ ချစ်စရာ ဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊ ချစ်စရာအများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။ သောက ငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာ နည်းပါးသွားလေ၊ သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ၊

ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။ အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ…လို့…။

အပ္ပမာဒေန သမ္ပာဒေထ။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform