(၁) ဆရာရေ Ovarian Cyst at Ovary ရောဂါက ဘယ်လိုဟာမျိုးလဲဆရာ။ ကျနော်
အင်တာနက်မှာ သွားကြည့်တော့ အမျိုးသမီး လိင်အင်္ဂါမှာ ဖြစ်တဲ့ရောဂါဆိုတာနဲ့
အမျိုးသမီးအများစုဖြစ်လေ့ဖြစ်ထ ရှိတယ်လို့တွေ့ရတယ်။ ဒါပေမဲ့ ဒီရောဂါကို
အရင်က ကျနော်တခါမှ မကြားခဲ့ဖူးဘူး။ ရေးထားတာတော့ အများစုက သူ့ဖာသာ
ပျောက်သွားကြတယ်၊ ဖြစ်လို့ ဖြစ်မှန်း မသိလိုက်တဲ့လူတွေတောင် ရှိတယ်၊
စိုးရိမ်စရာ မရှိသလို ရေးထားတယ်ဆရာ။ ကုထုံးအနေနဲ့ ကျတော့ ရောဂါ အတိမ်အနက်၊
ရောဂါရှင် အသက်အရွယ်ကိုလိုက်ပြီး ခွဲစိတ်ရတာလည်း ရှိတယ်၊ မခွဲပဲ
သာမန်ကုသရတာလည်းရှိတယ်လို့ ရေးထားတယ်။ ဒီထက်လည်း ပိုမတွေ့ရဘူး။ ဒီရောဂါကနေ
ကင်ဆာဆက်ဖြစ်နိုင်လားဆရာ။ ကြောက်စရာကောင်းတဲ့ ရောဂါလား။
လုံးဝပျောက်ကင်းအောင် ကုသလို့ကော ရလား။ ကျနော့် မြို့က
ညီမ၀မ်းကွဲတစ်ယောက်မှာ ဒီရောဂါ ဖြစ်နေတယ်။ သူက့ မှာ အလုပ်လုပ်နေတာ။
စင်ကာပူနဲ့ ဘန်ကောက်က ဆေးရုံတွေမှာ မကြာမကြာ ဆေးကုသမှု ခံယူရတယ်တဲ့။
ခွဲစိတ်ရတာလည်း သုံးကြိမ်ရှိပြီ ပြောတယ်။ သူ့က အိမ်ထောင်ရှိတယ်။ အသက်က
လေးဆယ်နီးပြီ။
(၂) ဆရာရှင့် ၁။ ကျွန်မ အသက် ၂၅ တုံးက ရေအိတ်
ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါ ထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ
ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများ ရှိနိုင်ပါသလဲ။ နောက်နှစ်မှာ
ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး၊ ဘာတွေ ကြိုတင် မှီဝဲဖို့
လိုပါသလဲ။ ၂။ ရေအိတ်က ဘာကြောင့်ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို-အအို
မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။ Ovarian Cyst လို့
ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့
ဝလာသလို ထင်ရတယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ နဲနဲဘဲ စားရသေးတယ်၊ ဗိုက်က
ပြည့်သွားပြီး၊ ဗိုက်တင်းသွားတယ်။ ဆက်စားချင်ပေမဲ့
မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလို ဖြစ်ပါတယ်။ အဲလောက်ဘဲ
ခံစားရပါတယ်။ အိတ်ထမတင် လေ့ကျင့်ခန်း လုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။
ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး။ စိုးရိမ်လို့ ဆေးခန်း သွားတော့မှ
ရေအိတ်ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက်တွေလို့ဘဲ
ပြောပါတယ်။ တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ
သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရ ခက်တဲ့အတွက် အဲဒါပါ
ထုတ်လိုက်တယ်လို့ ပြောပါတယ်။
အရွယ်ရောက် အမျိုးသမီးတိုင်း
မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက
များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။
အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။
Tumor ခေါ်တဲ့ အလုံး-အကြိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလဲ
အတိအကျ ပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။
Ovary
ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ Uterus သားအိတ်ဘေးက
ချိုလိုထွက်နေတဲ့ Uterine tubes သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက်
အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့
မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။
ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန်ရင့်မာ အရွယ်လောက်ထိ
ကြီးလာနိုင်တယ်။
အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။
ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး
ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက်
တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့
ဘေးတို့မှာ ကပ်နေတာ မဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှား လှုတ်ရှားနိုင်တယ်။
လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့ နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို
ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊
ပေါက်ထွက်ဖြစ်နိုင်တယ်။
ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံး
သပ်သပ်ကို ခွဲစိတ်ထုတ်လိုက်တာက အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ်
တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့
မျိုးဥအိတ်ကို ချန်ထားဘို့လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ
ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ
ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင်
သားသမီးရဘို့ တဝက်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊
နှစ်စုံလုံး ရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ
ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့လဲ စိတ်ချရမယ်။
Ovarian cyst
တခါ ဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီ
မမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ် သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊
လည်ပင်းကြီးဟော်မုန်း နည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူ တွေမှာ
ဖြစ်တတ်လေ့ရှိတယ်။
အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့်
ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊
အဆီတွေ ပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊
အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ “အပင်းထည့်တယ်” လို့
ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ
ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ
အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။
အဲလို ခွဲထားခံရသူအတွက်
စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅ဝ% ဆိုတာ နည်းတဲ့
အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့
အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ
မျှတတဲ့အစာ စားပါ။ ဆေးလည်း ပုံမှန် အားဆေးသာ လိုပါတယ်။
ကိုယ်ဝန်ဆောင်ပြီဆိုရင်
OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့ လိုမယ်။
ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေ တားဆေးသုံးရင်
မျိုးဥမထွက်စေတာမို့ Ovarian cyst ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေး
ယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD မကြာရင် Condom
သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥ ထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊
ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။
Dr. တင့်ဆွေ
0 comments:
Post a Comment